ကမ္ဘာ့အချမ်းသာဆုံးသူဌေးကြီး အီလွန်မတ်စ်ဟာ Twitter နဲ့ ဒေါ်လာ ၄၄ ဘီလျံတန် အရောင်းအဝယ်ကို အမြန်လက်စဖြတ်ချင်သလိုပါပဲ။
Tech Times က ဖော်ပြထားတဲ့ သတင်းတစ်ပုဒ်ထဲမှာ အီလွန်မတ်စ်ဟာ Twitter ကို ဝယ်တဲ့ကိစ္စကို အောက်တိုဘာ ၂၈ ရက် သောကြာနေ့မှာ အပြီး ပိတ်ချင်နေတယ်လို့ ဆိုပါတယ်။ ကုမ္ပဏီကို ဝယ်ရာမှာ လိုအပ်တဲ့ငွေကြေးရဖို့လည်း ဘဏ်ကနေ ချေးငွေတောင်းခံထားထယ်လို့လည်း ပြောပါတယ်။ ဘီလျံနာကြီးနဲ့ ပုဂ္ဂလိကဘဏ်ပိုင်ရှင်တွေရဲ့ နောက်ဆုံးတွေ့ဆုံမှုမှာ ငွေကြေးအပေးအယူကိစ္စကို လူသိမခံဘဲထားဖို့လည်း တောင်းဆိုထားတယ်လို့ ဆိုပါတယ်။
Photo: cloudinary
အီလွန်မတ်စ် နဲ့ Twitter တို့ရဲ့ အရောင်းအဝယ်ကိုလည်း အမြန်ဖြတ်ဖို့ တွန်းအားပေးနေကြပြီး ဒီတစ်ပတ်အကုန်မှာ အရောင်းအဝယ်ပိတ်နိုင်အောင် လုံလောက်တဲ့ငွေကြေးတွေ ရဖို့လည်း အီလွန်မတ်စ်ဘက်က ကြိုးစားနေတယ်လို့ ပြောပါတယ်။ အရောင်းအဝယ်ကို အောက်တိုဘာ ၂၈ ရက်နေ့ နောက်ဆုံးရက်အဖြစ် သတ်မှတ်ထားတာကြောင့် အီလွန်မတ်စ်အနေနဲ့ သတ်မှတ်နောက်ဆုံးရက်အရောက်မှာ အရောင်းအဝယ်ကိစ္စကို လက်စသတ်ချင်နေတာပါ။
တကယ်လို့သာ အောက်တိုဘာ ၂၈ ရက်နေ့မှာ Twitter ကို မဝယ်ဖြစ်ရင် ဒီလာဝဲလ်ခရိုင်တရားရုံးမှာ ကြားနာမှုလုပ်ပြီး အမှုလည်း ပေရှည်သွားဖို့ ရှိပါတယ်။ Social Media ကုမ္ပဏီတစ်ခုဖြစ်တဲ့ Twitter ကို ဝယ်ဖို့အတွက် အီလွန်မတ်စ်ဟာ ဒေါ်လာ ၁၃ ဘီလျံအထိ အကြွေးယူရဖို့လည်း ရှိပါတယ်။ ပုဂ္ဂလိကဘဏ်လုပ်ငန်းရှင်တွေကလည်း အရောင်းအဝယ်အတွက် သောကြာနေ့မတိုင်ခင် ငွေလွှဲတဲ့ကိစ္စကို လက်စသတ်နိုင်ဖို့ မရှိမဖြစ် လိုအပ်တဲ့ စာရွက်စာတမ်းတွေမှာ လက်မှတ်ထိုးတာတွေ လုပ်နေပြီလို့လည်း ဆိုပါတယ်။
Reuters သတင်းအရ တောင်ကိုရီးယားက ငွေကြေးလုပ်ငန်း Mirae Asset Financial Group လည်း အီလွန်မတ်စ်ရဲ့ Twitter ဝယ်ယူရေးမှာ ဒေါ်လာ ၂၀၈ သန်း ထုတ်ချေးပေးဖို့ ကတိပြုထားတယ်လို့ ဖော်ပြထားပါတယ်။ အီလွန်မတ်စ်ဟာ Twitter ကို ရှယ်ယာတစ်ခု ၅၄.၂၀ ဒေါ်လာနှုန်းနဲ့ ဒေါ်လာ ၄၄ ဘီလျံပေး ဝယ်မှာ ဖြစ်ပေမယ့် အရောင်းအဝယ်ပိတ်သိမ်းစရိတ် နဲ့ ဝယ်ရင်းဈေးအပါအဝင် အစုစုကုန်ကျမှုအတွက် ရှယ်ယာနဲ့ အကြွေး ဒေါ်လာ ၄၆.၅ ဘီလျံထိ စီစဉ်ထားတယ်လို့လည်း ဆိုပါတယ်။
Photo : teslarati
Morgan Stanley နဲ့ Bank Of America Corp တို့အပါအဝင် ဘဏ်တွေဟာ အရောင်းအဝယ်ဖြစ်အောင် အကြွေး ဒေါ်လာ ၁၃ ဘီလျံ ချေးပေးမယ်လို့လည်း ကတိပြုထားပါတယ်။ Oracle Corp ပူးတွဲတည်ထောင်သူ လယ်ရီအယ်လီဆင် နဲ့ ဆော်ဒီမင်းသား အယ်လ်ဝါလိဒ် ဘင် တာလယ်တို့လို ရင်းနှီးမြှပ်နှံသူတွေကလည်း အရောင်းအဝယ်ထဲမှာ ဒေါ်လာ ၇.၁ ဘီလျံ ထည့်ဝင်ထားပါတယ်။ အရောင်းအဝယ်ဖြစ်မှာ သေချာသွားပြီ ဖြစ်လို့ Twitter ရဲ့ အစုရှယ်ယာဈေးလည်း ၂.၇% ကို တက်လာပြီး လောလောဆယ် တစ်စုကို ၅၂.၉ ဒေါ်လာအထိ ရှိလာတယ်လို့ ဆိုပါတယ်။