ကမ္ဘာ့အချမ်းသာဆုံး ဘီလျံနာကြီးနဲ့ Twitter တို့ရဲ့ အရောင်းအဝယ်ကိစ္စကတော့ အခြေအနေကောင်းသွားတဲ့ပုံပါပဲ။
အောက်တိုဘာ ၂၈ ရက် အရောင်းအဝယ်ပိတ်ရက်နောက်ဆုံးရက် မတိုင်ခင်လေးမှာ မတ်စ်ဟာ ဆန်ဖရန်စစ္စကိုမှာရှိတဲ့ Twitter ရုံးထဲကို ရုတ်တရပ်အလည်ရောက်လာခဲ့ပါတယ်။ ဒီလိုအလည်လာရာမှာ လက်ချည်းသက်သက် မဟုတ်ဘဲ ကြွေဘေစင်ကြီးပါ သယ်ပြီး ဝင်ရောက်လာတာ ဖြစ်ပါတယ်။ ဒီလို ဝင်လာတဲ့ပုံကိုလည်း Tesla နဲ့ SpaceX CEO က ဗွီဒီယိုရိုက်ပြီး Tweet တင်ခဲ့တာပါ။ သူ့ Tweet မှာ "Twitter ရုံးချုပ်ထဲ ဝင်လာနေတာပါ။ ဒါလေးတွေးကြည့်ပါ" လို့ ရေးထားပါတယ်။
Photo: legit
Twitter ကုမ္ပဏီက လူတစ်ယောက်ကလည်း ဗုဒ္ဓဟူးနေ့က ရုံးချုပ်ကို အီလွန်မတ်စ်လာသွားတဲ့အကြောင်း CNBC ကို အတည်ပြုပါတယ်။ ကုမ္ပဏီထဲက တချို့လည်း နိုင်ငံခြားသားအလုပ်သမားဗီဇာနဲ့လာလုပ်နေမှုအပေါ် ဘာတွေဆက်ဖြစ်လာမလဲ စိတ်ပူနေကြတယ်လို့ ဆိုပါတယ်။ အီလွန်မတ်စ်ဟာ ပြီးခဲ့တဲ့ရက်ပိုင်းကပဲ Twitter ကို ဝယ်ပြီးရင် ဝန်ထမ်း ၇၅% အထိ အလုပ်ဖြုတ်ပစ်ဖို့ ရှိတယ်လို့ သတင်းတွေထွက်ထားတာပါ။ ဒါဟာ ကုမ္ပဏီလက်ရှိဝန်ထမ်းဦးရေထဲက လူ ၅၀၀၀ ကျော်လောက် အလုပ်ပြုတ်နိုင်တဲ့ ကိန်းပါ။
အီလွန်မတ်စ်နဲ့ Twitter တို့ရဲ့ လုပ်ငန်းအရောင်းအဝယ်ကိစ္စဟာ ဒီနေ့ (သောကြာနေ့) အရှေ့တိုင်းစံတော်ချိန် ညနေ ၅ နာရီမှာ အရောင်းအဝယ်ပြီးပြတ်ရမှာပါ။ အရောင်းအဝယ်ကိစ္စလက်စသတ်နိုင်ဖို့ မတ်စ်ဟာ ပုဂ္ဂလိကဘဏ်လုပ်ငန်းရှင်တွေဆီကနေ ဒေါ်လာ ၁၃ ဘီလျံလောက် ချေးထားတယ်လို့ ဆိုပါတယ်။ oracle ပူးတွဲတည်ထောင်သူ လယ်ရီအယ်လီဆင် နဲ့ ဆော်ဒီမင်းသား အယ်လ်ဝါလိဒ် ဘင် တာလယ်တို့လို မတ်စ်ရဲ့ မိတ်ဘက် ရင်းနှီးမြှပ်နှံသူတွေကလည်း အရောင်းအဝယ်ကိစ္စအတွက် ဒေါ်လာ ၇.၁ ဘီလျံ ရင်းနှီးမြှပ်နှံထားပါတယ်။
ဧပြီလလယ်ကစပြီး Twitter ကို ရှယ်ယာတစ်စု ၅၄.၂၀ ဒေါ်လာနှုန်းနဲ့ ဝယ်ဖို့ သဘောတူညီမှုရပြီးနောက်ပြီး အီလွန်မတ်စ်ဘက်က Twitter ပလက်ဖောင်းပေါ်က Spam အကောင့်ကိစ္စကို အကြောင်းပြပြီး အရောင်းအဝယ်ဖျက်သိမ်းဖို့ ကြိုးစားခဲ့ပါတယ်။ Twitter ဘက်ကလည်း အီလွန်မတ်စ်ကို အရောင်းအဝယ်ဖျက်သိမ်းမှုနဲ့ ဒီလာဝဲလ်တရားရုံးမှာ အမှုဖွင့်ခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ မတ်စ်ဟာ နဂိုသဘောတူညီချက်အတိုင်း Twitter ကို ဝယ်ပါမယ်လို့ ပြောထားပါတယ်။
Photo: NewsBreak
မတ်စ်ဟာ Twitter ကို လွတ်လပ်စွာပြောဆိုနိုင်တဲ့ ပလက်ဖောင်းဖြစ်အောင် ပြောင်းလဲသွားမယ်လို့ ကတိပြုထားသလို နောက်ပိုင်းမှာ သူ့ရဲ့ X လို့ ခေါ်တဲ့ Super App တည်ဆောက်ရေးမှာပါ အသုံးပြုသွားဖို့ ရှိပါတယ်။