နာပိုလီအတွက် ဒီရာသီမှာ အကောင်းဆုံးခြေစွမ်းပြနေတဲ့ ကာဗာရက်ဆခယ်လီရာတယောက် မနေ့ညက လီဗာပူးနဲ့ပွဲမှာ အာနိုးလ်ကို ပညာပေးသွားခဲ့တဲ့ဗီဒီယိုနဲ့ပတ်သက်လို့ ပရိသတ်တွေအကြား တော်တော်လေး ရေပန်းစားနေပါတယ်။ ဒီပွဲမှာ အိမ်ရှင် လီဗာပူးက နာပိုလီကို နှစ်ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့တာပါ။
နာပိုလီဟာ လီဗာပူးကြောင့် ဒီရာသီ သူတို့ရဲ့ ပထမဆုံးရှုံးပွဲနဲ့ နဖူးတွေ့ဒူးတွေ့ကြုံလိုက်ရပေမယ့် တစုံတရာ ထိခိုက်နစ်နာခဲ့ခြင်းမရှိဘဲ ချန်ပီယံလိဂ်မှာလည်း လီဗာပူးရဲ့ အထက် အုပ်စု ပထမနေရာမှာသာ ရပ်တည်နိုင်ခဲ့ပါတယ်။ ဒါ့အပြင် ဒီပွဲမှာ နာပိုလီတို့ ဦးဆောင်ဂိုးရရှိဖို့ အခွင့်အရေးရှိခဲ့ပေမယ့် ပထမပိုင်းမှာရခဲ့တဲ့ နာပိုလီရဲ့ အဆိုပါသွင်းဂိုးက VAR နဲ့ ပြန်လည်ပယ်ဖျက်ခံခဲ့ရပါတယ်။
နောက်ထပ် ပြောစရာရှိခဲ့တာ တခုကတော့ နာပိုလီကြယ်ပွင့် ကာဗာရက်ဆခယ်လီရာ အာနိုးလ်ကို ပညာပေးသွားခဲ့တာပဲဖြစ်ပါတယ်။ ဆခယ်လီရာဟာ ပွဲကစားချိန် (၂) မိနစ်မပြည့်ခင်မှာတင် အာနိုးလ်ကို ပေါင်ကြားထဲကနေ ဘောလုံးထုတ်ကာ ဒုက္ခပေးခဲ့ပြီး အဲ့ဒီနောက်မှာလည်း အလားတူ ကျော်ဖြတ်မှုတခုကို ထပ်မံ လုပ်ပြခဲ့ပါသေးတယ်။
ဆခယ်လီရာဟာ အာနိုးလ်ကို ပထမအကျော့မှာတည်းက ကောင်းကောင်း ဒုက္ခပေးခဲ့တာဖြစ်ပြီး အဲ့ဒီအချိန်ကတော့ နာပိုလီတို့ လီဗာပူးကို ၄-၁ ဂိုးနဲ့ ဂိုးပြတ်အနိုင်ရရှိခဲ့ပါတယ်။ အခု ဒုတိယအကျော့မှာတော့ လီဗာပူးက ဆာလာ၊ ဒါဝင်နူးနက်ဇ်တို့ရဲ့ နောက်ကျသွင်းဂိုးတွေနဲ့ အနိုင်ရရှိခဲ့ပေမယ့် ဆခယ်လီရာရဲ့ စွမ်းဆောင်ရည်ကတော့ ပရိသတ်တွေရဲ့ ပါးစပ်ဖျားမှာ ရှိနေဆဲပါ။
ပရိသတ်တွေက “ဒီကောင်လေးက ဘောလုံးကို အတော်ပိုင်နိုင်တဲ့ကောင်လေးပဲ” “ဆခယ်လီရာက တခုခုလုပ်ပြနိုင်မှာပါ” “နှစ်မိနစ်မပြည့်ခင်မှာတင် အာနိုးလ်တယောက် ပေါင်ကြားထဲကနေ ဘောလုံးအထည့်ခံနေရပါပြီ” “အာနိုးလ်က ဆခယ်လီရာကြောင့် တကယ်ကို ရုန်းကန်နေရပြီး ဒါကလည်း အံအားသင့်စရာ မဟုတ်ပါဘူး” လို့ ချီးကျူးပြောကြားခဲ့ကြပါတယ်။