ယူနိုက်တက်နည်းပြ အဲရစ်တန်ဟက်ခ်က မနေ့ညက ဗီလာကို အဝေးကွင်းမှာ ၃-၁ ဂိုးနဲ့ အရေးနိမ့်ခဲ့တဲ့နောက် သူ့ရဲ့နည်းစနစ်အတိုင်း မလိုက်နာခဲ့တဲ့ ကစားသမားတွေကို ပြစ်တင်ပြောကြားလိုက်ပါတယ်။ ဒီပွဲမှာ ယူနိုက်တက်တို့ ပထမပိုင်း (၁၀) မိနစ်အတွင်းမှာတင် နှစ်ဂိုးပေးခဲ့ရပြီး ပွဲအပြီးမှာ ၃-၁ ဂိုးနဲ့ အရေးနိမ့်ခဲ့တာပါ။
ဒါဟာ ယူနိုက်တက်အတွက် ပြိုင်ပွဲစုံနောက်ဆုံး (၁၀) ပွဲမှာ ပထမဆုံးအဖြစ် ရှုံးပွဲနဲ့ ပြန်လည်ရင်ဆိုင်ခဲ့ရတာပါ။ ပွဲအပြီးမှာလည်း တန်ဟက်ခ်က “တကယ်ကို မိုက်မဲတဲ့ကစားပုံဖြစ်ခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့ အဝေးကြီးကနေ ဖြတ်တင်ဘောတွေ ပေးပို့ဖို့ လုပ်ခဲ့ပြီး ဒါက ရော်နယ်ဒိုအတွက် အကူအညီမဖြစ်ခဲ့ပါဘူး။ ကျနော်တို့ မှန်ကန်တဲ့အချိန်မှာ မှန်ကန်တဲ့ပေးပို့မှုကို လုပ်ရမှာပါ”
“ဒါမျိုးရှိခဲ့တာဆိုလို့ ပထမပိုင်းမှာ အဲရစ်ဆင်က ရော်နယ်ဒိုဆီက ပေးပို့ခဲ့တာပဲရှိပါတယ်။ ကျနော် ဘောလုံးလောကထဲမှာရှိလာတာ ကြာလှပါပြီ။ ကစားသမားတွေက လူသားတွေပါ၊ စက်ရုပ်တွေ မဟုတ်တာလည်း ကျနော် သိပါတယ်။ တခါတလေတော့ ဒါမျိုးဖြစ်ပါတယ်။ ဒါက စိတ်ပိုင်းဆိုင်ရာအရပေါ့။ ဒါပေမယ့် အခုဟာက လက်မခံနိုင်စရာပါ။ ကျနော့်ကို မှားတယ်လို့မထင်နဲ့။ ကျနော်တို့ ပွဲတိုင်းအတွက် အသင့်ဖြစ်နေရမှာ”
“လွယ်လွယ်လေးမကစားလိုက်ဖို့လည်း လိုအပ်ပါတယ်။ ဒီလိုမျိုးပွဲကို စလိုက်လို့ကတော့ ခင်ဗျားတို့ရှုံးပြီပဲ။ ဘရူနိုဖာနန်ဒက်စ်က အရေးပါတဲ့ ကစားသမားတယောက်ပါ။ ဒါပေမယ့် ခင်ဗျားဖြစ်စေချင်သလို သူမပါလို့ရှုံးတာမျိုးတော့ ကျနော် မခံစားရပါဘူး။ ကွင်းထဲမှာရှိတဲ့ ကစားသမားတွေနဲ့ ဆိုင်ပါတယ်။ သူတို့က ဒီပွဲကို အနိုင်ကန်ရမှာပါ”
“တကယ်လို့သာ ကွင်းထဲက ကစားသမားတွေက သူတို့ရဲ့ စိတ်အားထက်သန်မှု၊ ပွဲအစီအမံတွေကို လိုက်နာမှုတို့နဲ့အတူ ရာနှုန်းပြည့် ပေးဆပ်မယ်ဆိုရင် ကျနော်တို့ ဒီပွဲကို နိုင်မှာပါ” လို့ ပြောကြားသွားခဲ့ပါတယ်။ ယူနိုက်တက်ဟာ ဒီရှုံးပွဲကြောင့် အဆင့် (၅) နေရာမှာ ရမှတ် (၂၃) မှတ်နဲ့ ဆက်လက်ရပ်တည်နေခဲ့ပြီး စပါး၊ ချဲလ်ဆီးတို့ရဲ့ ရှုံးပွဲတွေကို အခွင့်ကောင်းမယူနိုင်ခဲ့ပါဘူး။