ဝေးလ်စ်လက်ရွေးစင်အသင်းဟာ သူတို့ရဲ့ အသင်းခေါင်းဆောင် ဂါရတ်ဘေးလ်ကို လာမယ့် (၂၀၂၂) ကာတာကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဂေါ့ဖ်ပေးရိုက်မှာ မဟုတ်ဘဲ တားဆီးပိတ်ပင်လိုက်ကြောင်း သိရှိရပါတယ်။ လော့စ်အိန်ဂျယ်လိစ်မှာ လက်ရှိကစားနေတဲ့ ဂါရတ်ဘေးလ်ဟာ ဂေါ့ဖ်ရိုက်တာကို ဝါသနာထုံသူတယောက်လည်းဖြစ်ပါတယ်။
သူဟာ ကစားသမားဘဝတလျှောက် ဒဏ်ရာပြဿနာ တော်တော်လေးများပြားခဲ့တဲ့ ကစားသမားဖြစ်ပြီး ဒီလိုမျိုးဖြစ်ရတာကလည်း သူ့ရဲ့ ဂေါ့ဖ်ရိုက်လေ့ရှိတဲ့ အကျင့်စရိုက်ကြောင့်လို့ အများစုက ယုံကြည်နေကြပါတယ်။ ဂါရတ်ဘေးလ်ဟာ ရီးရဲလ်မက်ဒရစ်မှာရှိနေတုန်းကလည်း ပွဲကစားခွင့်မရရင် လစာယူပြီး ဂေါ့ဖ်ရိုက်နေမယ်လို့ ပြောကြားခဲ့ဖူးပါတယ်။
ပြီးခဲ့တဲ့ဇွန်လအတွင်းကလည်း ဝေးလ်စ်လက်ရွေးစင်နည်းပြ ရော့ဘ်ပေ့ချ်က ဝေးလ်လက်ရွေးစင် ကစားသမားတွေနဲ့အတူ ဒိုဟာဂေါ့ဖ်ကလပ်မှာ အတူတူ ဂေါ့ဖ်ရိုက်ခဲ့ပါသေးတယ်။ ဒါပေမယ့်လည်း လာမယ့် ကမ္ဘာ့ဖလားမှာတော့ ဂါရတ်ဘေးလ်အပါအဝင် ဘယ်သူကမှ ဂေါ့ဖ်ရိုက်ခွင့်ရှိမှာ မဟုတ်ဘူးလို့ အတည်ပြုလိုက်ပါတယ်။
ရော့ဘ်ပေ့ချ်က “ဟုတ်ပါတယ်။ ကမ္ဘာ့ဖလားကာလအတွင်း ဂေါ့ဖ်ရိုက်ခွင့်မရှိပါဘူး။ ကျနော်တို့ တခြားလုပ်စရာရှိပါတယ်။ အရင်ကတော့ ကျနော်က ဘေးလ်၊ ကီဖာမိုး ဒါမှမဟုတ် ရမ်ဆေးတို့ကိုခေါ်ပြီး နောက်နေ့ နေ့လယ်ခင်း ဘာအစီအစဥ်ရှိကြလဲ၊ တခြားအစီအစဥ်ရှိသေးလား မေးပါတယ်။ မရှိဘူးဆိုရင်တော့ ကျနော်တို့ ဂေါ့ဖ်သွားကစားကြပါတယ်”
“အခုကတော့ အချိန်မရှိပါဘူး။ ကျနော်တို့က (၄) ရက်ကို တပွဲနှုန်းလောက် ကစားရမှာဖြစ်ပြီး ဒါက တကယ်ကို အညှာအတာကင်းမဲ့ပြီး မဆုတ်မနစ် အလုပ်လုပ်ရမယ့် အချိန်ပါ” လို့ ပြောကြားခဲ့ပါတယ်။ ဝေးလ်စ်ဟာ (၁၉၅၈) နောက်ပိုင်း ကမ္ဘာ့ဖလားပြိုင်ပွဲကို ပထမဆုံးအကြိမ် ကစားခွင့်ရမှာဖြစ်ပြီး အင်္ဂလန်၊ အမေရိကန်၊ အီရန်တို့နဲ့ တအုပ်စုတည်း ကျရောက်လျက်ရှိပါတယ်။