ချဲလ်ဆီးကြယ်ပွင့်ဟောင်း ရာမီရက်စ်က ဂါဘရီယဲလ် မာတီနယ်လီကို ရီးရဲလ်မက်ဒရစ်အသင်းက ခေါ်ယူဖို့ ကြိုးပမ်းမှာဟာ အနှေးနဲ့အမြန်ဖြစ်တယ်လို့ ယုံကြည်နေပြီး အာဆင်နယ်ရဲ့အထက်မှာ အမြဲတမ်း နောက်ထပ်တစ်ဆင့်က ရှိနေတယ်လို့ ပြောကြားခဲ့ပါတယ်။
၂၀၁၉ ခုနှစ်မှာ မထင်မရှား ခေါ်ယူခဲ့တဲ့ မာတီနယ်လီဟာ ပြင်းထန်တဲ့ ဒူးဒဏ်ရာကနေ ပြန်လည်သက်သာလာပြီးနောက်ပိုင်း အာတီတာရဲ့ မြောက်လန်ဒန်က စီမံကိန်းမှာ အရေးပါတဲ့အစိတ်အပိုင်း ဖြစ်လာခဲ့သူဖြစ်ပြီး ယခုရာသီ ပရီးမီးယားလိဂ်အမှတ်ပေးဇယားထိပ်ဆုံးအထိ တက်လှမ်းလာမှုမှာလည်း အဓိကကျတဲ့အခန်းကဏ္ဍကနေ ကစားပေးခဲ့တာဖြစ်ပါတယ်။ ဘရာဇီးလ်လက်ရွေးစင်ကြယ်ပွင့်ရဲ့ စာချုပ်သက်တမ်းဟာ ၂၀၂၄ ခုနှစ်မှာ ကုန်ဆုံးတော့မှာဖြစ်ပေမယ့်လည်း နောက်ထပ်တစ်နှစ်သက်တမ်းတိုးခွင့်ရှိနေသေးတာဖြစ်ပြီး ရီးရဲလ်မက်ဒရစ်အသင်းဟာ အရင်တုန်းကလည်း ခေါ်ယူဖို့ သတင်းတွေထွက်ပေါ်ခဲ့ဖူးတာဖြစ်ပါတယ်။
ချဲလ်ဆီးကွင်းလယ်ကြယ်ပွင့်ဟောင်း ရာမီရက်စ်က တစ်နိုင်ငံတည်းသားရဲ့ ဂန်းနားတွေအတွက် ခမ်းနားတဲ့ရာသီကို ချီးကျူးခဲ့တာဖြစ်ပြီး မာတီနယ်လီအတွက်ကတော့ ရီးရဲလ်မက်ဒရစ်နဲ့ ဂျူဗင်တပ်တို့လိုမျိုး အသင်းတွေကို ပြောင်းရွှေ့ဖို့အတွက် စဉ်းစားဖို့က သာမန်ပဲလို့ ယုံကြည်နေတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဘရာဇီးလ်ကွင်းလယ်ကစားသမားဟောင်းက အာဆင်နယ်ကိုလည်း မာတီနယ်လီကို မြောက်လန်ဒန်မှာ ဆက်ထိန်းသိမ်းထားနိုင်ဖို့အတွက် အရာအားလုံး လုပ်ဆောင်သွားဖို့ တောင်းဆိုခဲ့တာဖြစ်ပါတယ်။ "ဂါဘရီယဲလ် မာတီနယ်လီက ကြောက်မက်ဖွယ်ကစားသမားပါ။ သူက ဒီရာသီမှာ အာဆင်နယ်အတွက် လုံးဝကို ခမ်းနားနေခဲ့ပါတယ်။ လူငယ်ဘရာဇီးလ်ကစားသမားတစ်ဦးကို ဒီလောက် ရင့်ကျက်တဲ့ပုံစံမျိုးနဲ့ ခြေစွမ်းပြသနေတာ မြင်ရတာက အရမ်းကောင်းပါတယ်။ ရီးရဲလ်မက်ဒရစ်နဲ့ ဂျူဗင်တပ်တို့လို အသင်းကြီးတွေက တံခါးလာခေါက်ကြလိမ့်မယ်ဆိုတာကလည်း မလွဲဧကန်ပါပဲ"
"အာဆင်နယ်မှာ သူက ရည်မှန်းချက်အများကြီးနဲ့အတူ ကြီးမားတဲ့ကလပ်အသင်းအတွက် ကစားပေးနေတာပါ။ ဒါပေမယ့်လည်း ဟုတ်ပါတယ်။ အမြဲတမ်း နောက်ထပ်တစ်ဆင့်ဆိုတာက ရှိနေမှာပါ။ အဲဒါက မာတီနယ်လီနဲ့ပဲ ဆိုင်တယ်လို့ ကျွန်တော် ပြောရမှာပါ။ သူ ဘာလိုချင်လဲဆိုတာ သူ သိပါတယ်။ သူ့လိုမျိုး ကစားသမားအတွက်ကတော့ ရီးရဲလ်မက်ဒရစ်လောက် အရွယ်အစားနဲ့ အဆင့်အတန်းရှိတဲ့အသင်းကို ပြောင်းဖို့စဉ်းစားတာက သာမန်ပါပဲ။ သူတို့အတွက် ကစားပေးဖို့ကလည်း ကလေးဘဝ အိပ်မက်လည်း ဖြစ်ကောင်း ဖြစ်ခဲ့ပါလိမ့်မယ်။ ကျွန်တော့်တစ်ဦးတည်းယုံကြည်ချက်ကတော့ မာတီနယ်လီရဲ့ကိုယ်ထဲမှာ နောက်ထပ်တစ်ဆင့် ရှိနေသေးပြီး သူရှာမတွေ့သေးတာပါ"
"ဘာလို့လဲဆိုတော့ သူက အရမ်းငယ်ရွယ်သေးပြီး တိုးတက်နေတုန်းပဲ ရှိသေးလို့ပါ။ သူက ပွဲစဉ်တစ်ပွဲကစားပြီးတိုင်းမှာ တိုးတက်လာနေတယ်။ အာဆင်နယ်သာ သူ့ကို ဆက်ထိန်းသိမ်းထားနိုင်မယ်ဆိုရင် သူတို့မှာ ဆုဖလားပုံစံအမျိုးမျိုးနဲ့ ပရိသတ်တွေကို ပျော်ရွှင်မှုအများကြီး ယူဆောင်ပေးနိုင်တဲ့ ထိပ်တန်းကစားသမားပိုင်ဆိုင်သွားပါလိမ့်မယ်။ အဆာင်နယ်က မာတီနယ်လီကို ထိန်းသိမ်းနိုင်ဖို့ သူတို့မှာ ရှိတဲ့ အစွမ်းနဲ့ အရာအားလုံး လုပ်သွားရပါမယ။် သူနဲ့ပတ်သက်ပြီး ပြောဆိုမှုတွေက အမြဲတမ်းရှိနေမှာပါ။ ဘရာဇီးလ်မှာတောင်မှ လူတွေက သူ နောက်ထပ် ဘယ်ပြောင်းမလဲဆိုတာကို သိချင်နေကြတယ်။ အာဆင်နယ်က သူ့ကို ထိန်းသိမ်းနိုင်ဖို့ အရာအားလုံးလုပ်ရမယ်။ ဘာလို့လဲဆိုတော့ သူက အံ့အားသင့်စရာကစားသမားဖြစ်ပြီး သူ ရောက်ရှိနိုင်တဲ့ နောက်ထပ်အဆင့်ရှိနေတယ်လို့ ကျွန်တော် ယုံကြည်ချက်ရှိနေလို့ပါ"လို့ ပြောကြားခဲ့ပါတယ်။