ဘရာဇီးလ်တိုက်စစ်မှူးဟောင်း ဖရက်ဒ်က ကမ္ဘာ့ဖလားဆီမီးဖိုင်နယ်အဆင့်မှာ ၎င်းရဲ့နိုင်ငံအသင်းကို အာဂျင်တီးနားနဲ့ တွေ့ဆုံစေချင်ပြီး အဲဒီမှ မက်ဆီ ငိုတာကို မြင်နိုင်မှာဖြစ်တယ်လို့ ဝန်ခံ ပြောကြားခဲ့ပါတယ်။
ဘရာဇီးလ်အသင်းဟာ ယနေ့ညမှာ ကွာတားဖိုင်နယ်ပွဲစဉ်အဖြစ် ခရိုအေးရှားအသင်းနဲ့ ယှဉ်ပြိုင်သွားရမှာဖြစ်ပြီး အနိုင်ရရှိမယ်ဆိုရင် တီတီရဲ့အသင်းဟာ ဆီမီးဖိုင်နယ်အဆင့်မှာ အာဂျင်တီးနားနဲ့ နယ်သာလန်တို့ထဲက အနိုင်ရရှိသူနဲ့ တွေ့ဆုံသွားရမှာဖြစ်ပါတယ်။ ဘရာဇီးလ်ဟာ ၁၆ သင်းရှုံးထွက်အဆင့်မှာ တောင်ကိုရီးယားကို ၄-၁ နဲ့ အပြတ်အသတ်ချေမှုန်းပြီး ကွာတားဖိုင်နယ်အဆင့်ကို တက်ရောက်နိုင်ခဲ့တာကြောင့် ပြိုင်ဘက်အားလုံးကို ကျော်ဖြတ်ပြီး ဒီဇင်ဘာ ၁၈ ရက်နေ့ လူဆေးလ်ကွင်းမှာ ကစားသွားမယ့် ကမ္ဘာ့ဖလားဗိုလ်လုပွဲကို တက်ရောက်နိုင်မယ်လို့ ယူဆခြင်းခံထားရတာဖြစ်ပါတယ်။
ဒါပေမယ့်လည်း ဗိုလ်လုပွဲ ရောက်ရှိနိုင်ဖို့အတွက် ဘရာဇီးလ်အသင်းဟာ ဆီမီးဖိုင်နယ်အဆင့်မှာ လီယွန်နယ် မက်ဆီရဲ့အာဂျင်တီးနားကို အနိုင်ယူဖို့ လိုအပ်တာဖြစ်ကောင်းဖြစ်နိုင်ပြီး တောင်အမေရိက အဓိကပြိုင်ဘက်တွေဟာ အုပ်စုအဖွင့်မှာ ဆော်ဒီအာရေဗျကို ရှုံးနိမ့်ခဲ့ပြီးနောက် ပြီးခဲ့တဲ့ပွဲတွေမှာ အကောင်းဆုံးပုံစံ ပြန်လည်ရရှိလာခဲ့တာ ဖြစ်ပါတယ်။ မက်ဆီဟာ အာဂျင်တီးနားအသင်းရဲ့ နိုင်ပွဲတွေမှာ အဓိကအစိတ်အပိုင်းဖြစ်ခဲ့တာဖြစ်ပြီး လက်ရှိအချိန်အထိ ၄ ပွဲကစားထားရာမှာ သွင်းဂိုး ၃ ဂိုးနဲ့ ဂိုးဖန်တီးမှု ၂ ကြိမ်အထိ ပြုလုပ်ထားတဲ့ ကစားသမား ဖြစ်ပါတယ်။
ဒါပေမယ့်လည်း ဘရာဇီးလ်တိုက်စစ်မှူးဟောင်း ဖရက်ဒ်က ပီအက်စ်ဂျီကြယ်ပွင့် လီယွန်နယ် မက်ဆီ ဆီမီးဖိုင်နယ်အဆင့်မှာ ငိုတာ မြင်တွေ့ချင်တာကြောင့် ဘရာဇီးလ်နဲ့ အာဂျင်တီးနားတို့ကို တွေ့ဆုံစေချင်နေတာ ဖြစ်ပါတယ်။ "ကျွန်တော် ဘရာဇီးလ်နဲ့အာဂျင်တီးနား ဆီမီးဖိုင်နယ်မှာ တွေ့စေချင်တယ်။ ကျွန်တော် ရှုပ်ထွေးမှုတွေ၊ ကမောက်ကမဖြစ်မှုတွေ၊ နေမာရဲ့ ပင်နယ်တီတီ၊ မက်ဆီ ငိုကြွေးတာတွေကို မြင်ချင်တယ်"လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။ အာဂျင်တီးနားနဲ့ ဘရာဇီးလ်တို့ လာမယ့် အင်္ဂါနေ့မှာ တွေ့ဆုံဖို့ဆိုရင် မက်ဆီရဲ့အသင်းက ယနေ့ည နယ်သာလန်ကို အနိုင်ကစားဖို့လိုသလို ဘရာဇီးလ်ကလည်း ခရိုအေးရှားကို အနိုင်ကစားသွားဖို့ လိုအပ်မှာဖြစ်ပါတယ်။
တောင်အမေရိကပြိုင်ဘက် ၂ သင်းသာ ဆီမီးဖိုင်နယ်အဆင့်မှာ တွေ့ဆုံမယ်ဆိုရင် တော်တော်လေး စိတ်ဝင်စားစရာကောင်းတဲ့ပွဲစဉ်ဖြစ်လာမှာဖြစ်ပြီး ဘရာဇီးလ်နဲ့ အာဂျင်တီးနားတို့ဟာ ၁၁၃ ကြိမ် တွေ့ဆုံခဲ့ရာမှာ ဘရာဇီးလ်က ၄၆ ကြိမ်၊ အာဂျင်တီးနားက ၄၁ ကြိမ်အနိုင်ရရှိခဲ့ပြီး ၂၆ ကြိမ်က သရေကျခဲ့တာဖြစ်ပါတယ်။