ယနေ့ည ၉ နာရီ ၃၀ မိနစ်မှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ ခရိုအေးရှားနဲ့ ဘရာဇီးလ်အသင်းတို့ရဲ့ပွဲစဉ်မှာ ဘရာဇီးလ်အသင်းက နာကျင်အချိန်ပိုက နေမာနဲ့ ပတ်ကိုဗစ်တို့ရဲ့ အပြန်အလှန်သွင်းဂိုးတွေကြောင့် ပင်နယ်တီ အဆုံးအဖြတ်ခံယူခဲ့ရာမှာ ခရိုအေးရှားက ၄-၂ နဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။
ပထမပိုင်း စစချင်းမှာပဲ နှစ်သင်းစလုံးဟာ အပြန်အလှန် တိုက်စစ်ဆင်ကစားခဲ့ပြီး ၁၃ မိနစ်မှာ ဂျူရာနိုဗစ် ဘရာဇီးလ်နောက်တန်းကို ထိုးဖောက်ပြီး ညာတောင်ပံက ပါဆာလစ်ဆီ ထိုးပေးခဲ့ရာမှာ ပင်နယ်တီဧရိယာထဲ ပြန်လည် ချိုးပေးလိုက်ချိန်မှာ ပါရီဆစ် ပိတ်သွင်းယူဖို့ ကြိုးပမ်းခဲ့ပေမယ့်လည်း အံ့အားသင့်ဖွယ် လွဲချော်ပြီး ဘယ်ဖက်ဂိုးတိုင်ဘေး ဝိုက်ထွက်သွားခဲ့ပါတယ်။ ခရိုအေးရှားအသင်းဟာ ဘရာဇီးလ်အသင်းကို တောင်ကိုရီးယားနဲ့ပွဲစဉ်တုန်းကလို အလိုက်သင့် စီးမျောသွားနိုင်မယ့် ကစားကွက်တည်ခွင့်မပေးခဲ့ဘဲ ခပ်ကြမ်းကြမ်း ဖိအားပေးကစားခဲ့ပြီး မိနစ် ၂၀ မှာ ဗင်နီးရှပ်စ် ဂျူနီယာက ဘယ်တောင်ပံကနေ အတွင်းကို ချိုးဝင်လာပြီး ရစ်ချာလီဆန်နဲ့ ဝမ်းတူရိုက် ကန်သွင်းခဲ့ပေမယ့်လည်း ဂွါဒီယိုလ်က အလွန်ကောင်းမွန်တဲ့ ပိတ်ဆို့မှု ပြုလုပ်နိုင်ခဲ့ပါတယ်။
ဘရာဇီးလ်အသင်းဟာ ပထမပိုင်း စစချင်းမှာ အထနှေးနေခဲ့ပေမယ့်လည်း ပွဲကစားချိန်ကြာလာတာနဲ့အမျှ အချိတ်အဆက်ပိုမိလာပြီး ပထမပိုင်း ပြီးဆုံးခါနီး ပင်နယ်တီဧရိယာဘယ်အစွန်မှာ ရရှိခဲ့တဲ့ အလွတ်တည်ကန်ဘောကနေ နေမာရဲ့ တိုက်ရိုက်ကန်သွင်းချက်ဟာ ခရိုအေးရှားလူတံတိုင်းနဲ့ ထိပြီး အနည်းငယ်လမ်းကြောင်း ပြောင်းသွားခဲ့မေယ့်လည်း လီဗာကိုဗစ်က အမိအရဖမ်းနိုင်ခဲ့ပြီး ပထမပိုင်းဟာ ဂိုးမရှိသရေနဲ့သာ ပြီးဆုံးသွားခဲ့ပါတယ်။ ဒုတိယပိုင်း ပြန်လည်စတင်ပြီး ၂ မိနစ်အကြာမှာ မီလီတာအို ညာတောင်ပံကနေ ချိုးပေးလိုက်တဲ့ ဘောလုံးကို ဂွါဒီယိုလ်က ရစ်ချာလီဆန် မပိတ်သွင်းနိုင်အောင် ကာကွယ်ရင်း ကိုယ့်ဂိုးကိုယ်ပြန်သွင်းမိမလို ဖြစ်ခဲ့ပေမယ့်လည်း လီဗာကိုဗစ်က အလွန်ကောင်းမွန်တဲ့ ကာကွယ်မှု ပြုလုပ်နိုင်တာကြောင့် ဂိုးမပေးခဲ့ရတာဖြစ်ပါတယ်။
၅၅ မိနစ်မှာ နေမာက ရစ်ချာလီဆန် ပေးပို့လိုက်တဲ့ ဘောလုံးကို ရယူပြီး ဂိုးဧရိယာဘယ်အစွန်ကနေ ဂိုးဘယ်ဖက်အောက်ထောင့်ကို အပြင်းကန်သွင်းယူခဲ့ပေမယ့်လည်း ဒီတစ်ကြိမ်မှာလည်း လီဗာကိုဗစ်ကပဲ လက်စွမ်းပြ ကာကွယ်သွားနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒုတိယပိုင်းမှာ ဘရာဇီးလ်အသင်းက သိသိသာသာ ဖိအားပေးတိုက်စစ်ဆင်ကစားနိုင်ခဲ့တာကို တွေ့ရပြီး ဂိုးပေါက်ခြိမ်းခြောက်မှုတွေ မကြာခဏဆိုသလို ပြုလုပ်ခဲ့ရာမှာ ၆၆ မိနစ်မှာ ပါကယ်တာ ပင်နယ်တီဧရိယာထဲမှာ ဂိုးသမားနဲ့ တစ်ဦးချင်း ဂိုးသွင်းယူခွင့်ရခဲ့ပေမယ့် ခရိုအေးရှားဂိုးသမားက သတိကြီးကြီးနဲ့ ပုတ်ထုတ်ကာကွယ်သွားနိုင်ခဲ့တာဖြစ်ပါတယ်။
ခရိုအေးရှားအသင်းဟာ ခံစစ်အထိ တစ်သင်းလုံး ဆင်းပိတ်ဆို့ပြီး ဘရာဇီးလ်ကို အချိန်ပိုအထိ ဆွဲခေါ်သွားချင်တဲ့ရည်ရွယ်ချက်က ထင်ရှားနေခဲ့ပြီး ဘရာဇီးလ်တို့လည်း အလွန်ကျစ်လစ်တဲ့ ခရိုအေးရှားတို့ ခံစစ်ကို ထိုးဖောက်ဖို့ အခက်တွေ့ခဲ့တဲ့အတွက် မိနစ် ၉၀ ပြည့်မြောက်တဲ့အချိန်မှာ ဂိုးမရှိသရေနဲ့ ပွဲပြီးဆုံးသွားလို့ နာကျင်အချိန်ပို ဆက်လက် ယှဉ်ပြိုင်ခဲ့ရပါတယ်။
အချိန်ပိုမှာလည်း ဘရာဇီးလ်အသင်းကပဲ တဖက်သတ် ဖိအားပေးတိုက်စစ်ဆင်နိုင်ခဲ့ပြီး ၁၀၃ မိနစ်မှာ ပတ်ကိုဗစ် ဘရာဇီးလ်နောက်ခံလူတွေကို အလွန်ကောင်းမွန်တဲ့ အလိမ်အခေါက်နဲ့ ကျော်ဖြတ်နိုင်ခဲ့ပြီးနောက် ပင်နယ်တီဧရိယာထိပ်က ဘရိုဇိုဗစ်ဆီ ခင်းပေးခဲ့ရာမှာ ခရိုအေးရှားကွင်းလယ်လူရဲ့ ကန်ချက်က မိုးပေါ်ထောင်သွားခဲ့တာဖြစ်ပါတယ်။ အချိန်ပို ပထမပိုင်း ပွဲကစားချိန်ပြည့်လို့ နာကျင်အချိန်ပို ၁ မိနစ် သတ်မှတ်ပေးခဲ့ရာမှာ နေမာက ပွဲကစားချိန်ပြည့်ဖို့ စက္ကန့်အနည်းငယ်အလိုမှာ လူးကပ်စ် ပါကယ်တာနဲ့ အပေးအယူလုပ်ပြီး ပင်နယ်တီဧရိယာထဲမှာ လီဗာကိုဗစ်ကို ကျော်ဖြတ်ပြီး ဂိုးသွင်းယူသွားနိုင်ခဲ့ပါတယ်။
အချိန်ပိုဒုတိယပိုင်းမှာ ခရိုအေးရှားအသင်းက အားကုန်ထုတ် တိုက်စစ်ဆင်လာခဲ့ပြီး ဘရာဇီးလ်အသင်းက အနိုင်ဂိုးကို ထိန်းသိမ်းဖို့အတွက် လူစားလဲလှယ်မှုအချို့ ပြုလုပ်ခဲ့တာကို တွေ့ရပါတယ်။ ဒါပေမယ့်လည်း အချိန်ပိုဒုတိယပိုင်း ပွဲကစားချိန်ပြည့်ဖို့ ၃ မိနစ်အလိုမှာ တန်ပြန်တိုက်စစ်ကနေတဆင့် ခရိုအေးရှားက ဘယ်တောင်ပံတကြောကနေ တိုက်စစ်ဆင်လာခဲ့ပြီး ပင်နယ်တီဧရိယာထိပ်ကို အော်ချစ်က ခင်းပေးခဲ့ရာမှာ ပတ်ကိုဗစ် ဘယ်ခြေနဲ့ ကန်သွင်းခဲ့တဲ့ဘောလုံးက မာကင်ညို့စ်နဲ့ထိပြီး အနည်းငယ်လမ်းကြောင်းပြောင်းသွားခဲ့တာကြောင့် အယ်လစ်ဆန် ဘယ်လိုမှ မကာကွယ်နိုင်ခဲ့ဘဲ ခရိုအေးရှားတို့ ချေပဂိုး ရရှိသွားခဲ့တာဖြစ်ပါတယ်။
ပင်နယ်တီအဆုံးအဖြတ်ခံယူရာမှာ ခရိုအေးရှားအသင်းက ပထမဆုံး ကန်ခွင့်ရခဲ့ရာမှာ နီကိုလာ ဗလာဆစ် အမှားအယွင်းမရှိ ကန်သွင်းယူနိုင်ခဲ့ပေမယ့်လည်း ဘရာဇီးလ်အသင်းအတွက် ပထမဆုံးပင်နယ်တီကို ကန်သွင်းခဲ့တဲ့ ရိုဒရီဂိုရဲ့ ကန်ချက်ကိုတော့ လီဗာကိုဗစ်က လက်စွမ်းပြကာကွယ်နိုင်ခဲ့တာဖြစ်ပါတယ်။ ဘရာဇီးလ်အသင်းအတွက် စတုတ္ထမြောက်ပင်နယ်တီကို ကန်သွင်းခဲ့တဲ့ မာကင်ညို့စ်ရဲ့ကန်ချက်က တိုင်ထိပြီး လွဲချော်သွားခဲ့တာကြောင့် ခရိုအေးရှားအသင်းက ၄-၂ နဲ့ အနိုင်ရရှိသွားခဲ့တာဖြစ်ပါတယ်။