ပြင်သစ်ကြယ်ပွင့် ဂရစ်ဇ်မန်းက ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာ လီယွန်နယ် မက်ဆီနဲ့ ရင်ဆိုင်ရမှာက ကာတာမှာ ပြင်သစ်အသင်းရင်ဆိုင်ခဲ့တဲ့ အရာအားလုံးနဲ့ လုံးဝကို ကွဲပြားခြားနားတဲ့အရာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
ဒက်စ်ချမ့်ရဲ့အသင်းဟာ လွန်ခဲ့တဲ့ ၄ နှစ်ခွဲတုန်းက ကမ္ဘာ့ဖလားကို ကိုင်မြှောက်နိုင်ခဲ့ပြီးနောက် ဗုဒ္ဓဟူးနေ့ညမှာ မော်ရိုကိုအသင်းကို ဆီမီးဖိုင်နယ်မှာ အနိုင်ရရှိခဲ့ပြီး နောက်ထပ်တစ်ကြိမ် ဗိုလ်လုပွဲကို တက်ရောက်နိုင်ခဲ့တာဖြစ်ပါတယ်။ သီယို ဟာနန်ဒက်ဇ်ရဲ့ အစောပိုင်း လေပေါ်ဝဲကန်ချက်နဲ့ မူအာနီရဲ့ တစ်ချက်ထိပိတ်သွင်းခဲ့တဲ့ သွင်းဂိုးတွေကြောင့် ပြင်သစ်အသင်းဟာ ၂-၀ နဲ့ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။
ဒါပေမယ့်လည်း ဂရစ်ဇ်မန်းးက ပြင်သစ်ဟာ လက်ရှိမှာ အာဂျင်တီးနားအသင်းခေါင်းဆောင် လီယွန်နယ် မက်ဆီ ပိုင်ဆိုင်ထားတဲ့ အရည်အသွေးကြောင့် လုံးဝကို ကွဲပြားခြားနားတဲ့ စိန်ခေါ်မှုနဲ့ ရင်ဆိုင်နေရပြီလို့ ယုံကြည်နေတာဖြစ်ပါတယ်။ အသက် ၃၅ နှစ်အရွယ် တိုက်စစ်မှူးဟာ ၎င်းရဲ့ ၅ ကြိမ်မြောက်နဲ့ နောက်ဆုံး ကမ္ဘာ့ဖလားပြိုင်ပွဲကို ပါဝင်ယှဉ်ပြိုင်ကစားပေးနေတာဖြစ်ပြီး ယခုအပတ်မှာ တသက်တာအကောင်းဆုံးကစားသမားအဖြစ် အခိုင်အမာ မှတ်ကျောက်တင်နိုင်စေမယ့် ကမ္ဘာ့ဖလားကို ကစားသမားဘဝတလျှောက် ပထမဆုံးရယူသွားနိုင်ဖို့ ကြိုးပမ်းသွားမှာဖြစ်ပါတယ်။
"မက်ဆီပါတဲ့ ဘယ်လိုအသင်းမျိုးမဆို လုံးဝကို ကွဲပြားခြားနားတဲ့ ချဉ်းကပ်မှုပါ။ ကျွန်တော်တို့ ဒီကမ္ဘာ့ဖလားက သူတို့ရဲ့ပွဲစဉ်အားလုံးကို လက်တွေ့ကြည့်ခဲ့ကြပါတယ်။ ကျွန်တော်တို့ အာဂျင်တီးနားကစားတာကို မြင်ခဲ့တယ်။ သူတို့ ဘယ်လိုကစားလဲဆိုတာကို ကျွန်တော်တို့ သိတယ်။ သူတို့တွေက ကစားဖို့ ခက်ခဲတဲ့အသင်းဖြစ်ပြီး သူတို့တွေက ထိပ်တန်းခြေစွမ်းမှာရှိနေတဲပုံပေါ်ပါတယ်။ ဟုတ်တာပေါ။ မက်ဆီတစ်ယောက်တည်းမဟုတ်ပါဘူး။ သူ့အနားမှာ အားကောင်းတဲ့အသင်းက ရှိနေတာပါ။ အဲဒီတော့ အဲဒါက ခက်ခဲတဲ့ပွဲဖြစ်လာတော့မယ်ဆိုတာ ကျွန်တော်တို့ သိတယ်။ သူတို့တွေက ပရိသတ်တွေအများကြီးလည်းရှိတယ်။ ကျွန်တော်တို့ အလုပ်ပြန်လုပ်ပြီး ကျွန်တော်တို့ သူတို့ကို ဘယ်လိုနာကျင်အောင်လုပ်နိုင်မလဲ၊ ဘယ်လိုခုခံနိုင်မလဲဆိုတဲ့အပေါ်မှာ အာရုံစိုက်နေပါတယ်။ ကျွန်တော်တို့ ကောင်းကောင်း ကြိုတင်ပြင်ဆင်သွားမှာပါ"လို့ ပြောကြားခဲ့ပါတယ်။