ခရိုအေးရှားကြယ်ပွင့်နောက်ခံကစားသမား ယို့စ်ကို ဂွါဒီယောလ်ဟာ ဆီမီးဖိုင်နယ်အဆင့်မှာ အာဂျင်တီးနားကို ခရိုအေးရှားအသင်းက ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်မှာ လီယွန်နယ် မက်ဆီနဲ့ ရင်ဆိုင်ကစားရတာ ကောင်းမွန်တဲ့အတွေ့အကြုံဖြစ်ခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။
ခရိုအေးရှားအသင်းဟာ အင်္ဂါနေ့ညက အာဂျင်တီးနားအသင်းကို ၃-၀ နဲ့ အပြတ်အသတ် ရှုံးနိမ့်ခဲ့ပြီးနောက် ကမ္ဘာ့ဖလားပြိုင်ပွဲကို နှုတ်ဆက်ခဲ့ရတာဖြစ်ပြီး လီယွန်နယ် မက်ဆီက နောက်ထပ်တစ်ကြိမ် မှော်ဆန်တဲ့ခြေစွမ်းပြသပြီး သွင်းဂိုးနဲ့ ဂိုးဖန်တီးမှုတွေ ပြုလုပ်နိုင်ခဲ့တာဖြစ်ပါတယ်။ ဂွါဒီယောလ်ဟာ လီယွန်နယ် မက်ဆီဆီကနေ မှော်ဆန်တဲ့ အခိုက်အတန့်ကြောင့် မင်သက်ခဲ့ရတာဖြစ်ပြီး အသက် ၃၅ နှစ်အရွယ် တိုက်စစ်မှူးက ခရိုအေးရှားနောက်ခံလူကို အလဲထိုးပြီး အဲဗရက်ဇ်အတွက် ဂိုးဖန်တီးပေးနိုင်ခဲ့တာဖြစ်ပါတယ်။
မက်ဆီကို ထိန်းသိမ်းဖို့ ကြိုးပမ်းရတာက ဘာနဲ့တူခဲ့လဲလို့ မေးမြန်းခဲ့တဲ့အချိန်မှာ ဂွါဒီယောလ်က အာဂျင်တီးနားအသင်းခေါင်းဆောင်ဟာ လက်ရွေးစင်အသင်းအတွက် ကစားပေးနေတဲ့အချိန်မှာ လုံးဝကို ကွဲပြားခြားနားတဲ့ကစားသမားဖြစ်တယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။ "ပြီးခဲ့တဲ့ရာသီ ကလပ်အသင်းအဆင့်မှာ သူနဲ့ ကျွန်တော် ရင်ဆိုင်ကစားခဲ့ဖူးတာတောင်မှ ကောင်းမွန်တဲ့ အတွေ့အကြုံဖြစ်ခဲ့ပါတယ်။ သူက ကလပ်အသင်းနဲ့ လက်ရွေးစင်အသင်းမှာ လုံးဝကို ကွဲပြားခြားနားတဲ့ပုံစံမျိုးရှိတဲ့ ကစားသမားပါ"
"ကျွန်တော်တို့ ရှုံးနိမ့်ခဲ့တာတောင်မှပဲ သူနဲ့ ရင်ဆိုင်ကစားခဲ့ရတဲ့အတွက် ကျွန်တော် ဝမ်းမြောက်မိပါတယ်။ ဒါပေမယ့်လည်း ဒီနေ့နဲ့ မနက်ဖြန်မှာ ကျွန်တော် မက်ဆီကို မိနစ် ၉၀ အထိ ခုခံခဲ့ရတယ်ဆိုတာကို ကလေးတွေကို ပြောနိုင်ပါပြီ။ နောက်တစ်ကြိမ်ကျရင် ကျွန်တော်တို့ သူ့ကို အနိုင်ယူနိုင်မယ်လို့ ခန့်မှန်းမိပါတယ်"လို့ ပြောကြားခဲ့ပါတယ်။