မက်ဆီအနေနဲ့ အာဂျင်တီးနားဂန္တဝင် ဒီယေဂို မာရာဒိုနာလိုမျိုး အမွေအနှစ်တွေ ချန်ထားနိုင်အောင် ကမ္ဘာ့ဖလားကို အနိုင်ရရှိသွားဖို့ လိုအပ်တယ်လို့ ယုံကြည်နေကြတာ ဖြစ်ပါတယ်။

အာဂျင်တီးနားအသင်းဟာ ကမ္ဘာ့ဖလားဗိုလ်လုပွဲစဉ်မှာ လီယွန်နယ် မက်ဆီကြောင့် တကမ္ဘာလုံးက ပရိသတ်တွေရဲ့ အားပေးထောက်ခံမှုကို ရရှိမှာဖြစ်ပေမယ့်လည်း ဒက်စ်ချမ့်က အဲဒါကို စိတ်အနှောင့်အယှက်မဖြစ်ဘူးလို့ ပြောကြားခဲ့ပါတယ်။

ပြင်သစ်နည်းပြ ဒက်စ်ချမ့်ဟာ လီယွန်နယ် မက်ဆီရဲ့ တနင်္ဂနွေနေ့ ကမ္ဘာ့ဖလားဗိုလ်လုပွဲကို နောက်ဆုံးမှာ အနိုင်ရရှိဖို့ ကြိုးပမ်းသွားမယ့်ပွဲစဉ်မှာ ပြင်သစ်အသင်းက လူကြမ်းလုပ်ရမယ့်အလားအလာနဲ့ပတ်သက်ပြီး သံသယဖြစ်နေခြင်းမရှိတာဖြစ်ပါတယ်။ မက်ဆီဟာ လူဆေးးလ်ကွင်းက ကမ္ဘာ့ဖလားဗိုလ်လုပွဲစဉ်ဟာ ၎င်းရဲ့ နောက်ဆုံး ကမ္ဘာ့ဖလားပွဲစဉ်ဖြစ်လိမ့်မယ်ဆိုတာကို အတည်ပြု ပြောကြားခဲ့ပြီးဖြစ်ပြီး ကစားသမားဘဝမှာ မရရှိဖူးသေးတဲ့ တစ်ခုတည်းသော အဓိကဆုဖလားကြီးကို ကိုင်မြှောက်နိုင်ဖို့ နောက်ဆုံးအခွင့်အရေးလည်း ဖြစ်လာမှာ ဖြစ်ပါတယ်။

ဘောလုံးပရိသတ်အများစုဟာ လီယွန်နယ် မက်ဆီအနေနဲ့ အာဂျင်တီးနားဂန္တဝင် ဒီယေဂို မာရာဒိုနာလိုမျိုး အမွေအနှစ်တွေ ချန်ထားနိုင်အောင် ကမ္ဘာ့ဖလားကို အနိုင်ရရှိသွားဖို့ လိုအပ်တယ်လို့ ယုံကြည်နေကြတာ ဖြစ်ပါတယ်။ အဲဒါကြောင့် အာဂျင်တီးနားအသင်းရဲ့ ကမ္ဘာ့ဖလားဗိုလ်လုပွဲကို တစ်ကမ္ဘာလုံးက အားပေးနေကြတာဖြစ်ပေမယ့်လည်း ပြင်သစ်ကို တကမ္ဘာလုံးက ဆန့်ကျင်နေသလို ခံစားနေရတာနဲ့ပတ်သက်ပြီး ဒက်စ်ချမ့်က မစိုးရိမ်နေတာဖြစ်ပါတယ်။

ပြင်သစ်အသင်းက အထီးကျန်သလို ခံစားနေရလားလို့ မေးမြန်းခဲ့ရာမှာ ဒက်စ်ချမ့်က "ကျွန်တော် မကြာခဏ အဲဒီလို ခံစားချက်မျိုး ခံစားရတယ်။ ဒါပေမယ့် ကျွန်တော် တစ်ယောက်တည်းနေတာ အဆင်ပြေပါတယ်။ အဲဒါက ကျွန်တော့်ကို စိတ်အနှောင့်အယှက်မဖြစ်စေပါဘူး။ ဒီလို မသေချာမရေရာမှုတွေက အမြဲတမ်း ရှိနေမှာပါ။ ကျွန်တော်တို့ ဒီမှာရှိတယ်။ ကျွန်တော်တို့ အာဂျင်တီးနားနဲ့ကစားရမယ့်ပွဲအတွက် ကောင်းကောင်း ပြင်ဆင်နိုင်ဖို့လုပ်နိုင်တာအားလုံး လုပ်ခဲ့တယ်။ စကာလိုနီမှာလည်း စိန်ခေါ်မှုအချို့ရှိခဲ့ပါတယ်။ သူတို့ရဲ့ ပထမဆုံးပွဲမှာ ဆော်ဒီ အာရေဗျကို ရှုံးခဲ့တယ်။ ဟုတ်တာပေ့ါ။ ဒါပေမယ့် သူတို့တွေ ဒီမှာရှိနေသေးတယ်"

"ကျွန်တော်တို့လည်း အဲဒီအတိုင်းပဲ။ ဒီပြိုင်ပွဲမှာ အားလုံးနဲ့ ရင်မဆိုင်ခဲ့ရဘူး။ ဒါပေမယ့် ကျွန်တော်တို့ ကစားခဲ့တဲ့ပွဲစဉ်တွေမှာတော့ အနိုင်ရရှိသူဖြစ်အောင် လုပ်နိုင်ခဲ့တယ်။ ကျွန်တော် ဗိုလ်လုပွဲအတွက် ထူးထူးခြားခြား စိုးရီမ်တာ ဒါမှမဟုတ် စိတ်ဖိစီးတာတွေ ဘာမှမရှိပါဘူး။ ခင်ဗျား ဒီလိုပွဲအတွက် ကြိုတင်ပြင်ဆင်တဲ့အချိန်မှာ အာရုံစိုက်ထားဖို့၊ တည်တည်ငြိမ်ငြိမ် ရှိနေဖို့လိုအပ်တယ်လို့ ထင်ပါတယ်။ အထူးသဖြင့် ခင်ဗျားမှာ ကမ္ဘာ့ဖလားဗိုလ်လုပွဲ ကစားဖို့ ရှိနေသလို အဲဒီပွဲနဲ့ဆက်စပ်တဲ့အကြောင်းအရာတွေလည်း ရှိနေတဲ့အချိန်မှာပေါ့။ ရည်မှန်းချက်ကတော့ ဆုဖလားကိုင်မြှောက်နိုင်ဖို့ပါ။ အာဂျင်တီးနားနဲ့ကမ္ဘာပေါ်က လူအများစုက မက်ဆီ ကမ္ဘာ့ဖလားရဖို့ မျှော်လင့်နေမယ်ဆိုတာ သိပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ရဲ့ရည်မှန်းချက်အတိုင်း အောင်မြင်အောင် လုပ်နိုင်တဲ့အရာအားလုံး လုပ်သွားမှာပါ"လို့ ပြောကြားခဲ့ပါတယ်။

Share

Loading Next Article...
က္က