အမ်ဘာပေက တောင်အမေရိကဘောလုံးဟာ ဥရောပက ပြိုင်ပွဲတွေလောက် အဆင့်အတန်းမရှိတဲ့သဘောမျိုး ပြောကြားခဲ့တာဖြစ်ပါတယ်။

အာဂျင်တီးနားဂိုးသမား အီမီလီယာနို မာတီနက်ဇ်က အာဂျင်တီးနားနဲ့ ပြင်သစ်တို့ရဲ့ ကမ္ဘာ့ဖလားဗိုလ်လုပွဲမတိုင်ခင် အမ်ဘာပေကို ပြစ်တင်ကြိမ်းမောင်းခဲ့ပါတယ်။

ယနေ့ညနေမှာ အာဂျင်တီးနားနဲ့ ပြင်သစ်အသင်းတို့ဟာ လူဆေးလ်ကွင်းကြီးထဲမှာ ကမ္ဘာ့ဖလားဗိုလ်လုပွဲအဖြစ် ယှဉ်ပြိုင်ကစားသွားကြတော့မှာဖြစ်ပြီး ယခုနှစ်အစောပိုင်းတုန်းက ပီအက်စ်ဂျီကြယ်ပွင့် အမ်ဘာပေက တောင်အမေရိကဘောလုံးဟာ ဥရောပက ပြိုင်ပွဲတွေလောက် အဆင့်အတန်းမရှိတဲ့သဘောမျိုး ပြောကြားခဲ့တာဖြစ်ပါတယ်။ "ကျွန်တော်တို့ ဥရောပမှာ ရှိနေတဲ့ အားသာချက်က နေးရှင်းလိဂ်လိုမျိုးပဲ တစ်ချိန်လုံး အဆင့်အတန်းမြင့်မားတဲ့ပွဲတွေကို ကစားနေရတာပါ။ ကမ္ဘာ့ဖလားပြိုင်ပွဲကို ရောက်လာတဲ့အချိန်မှာ ကျွန်တော်တို့က အဆင်သင့်ပဲ"

"ဘရာဇီးလ်နဲ့ အာဂျင်တီးနားတို့က တောင်အမေရိကဘောလုံးက ဥရောပလောက် မတိုးတက်တဲ့အတွက် ဒီလိုအဆင့်အတန်းမျိုးမှာ မရှိပါဘူး။ အဲဒါကြောင့် နောက်ဆုံးကမ္ဘာ့ဖလားပြိုင်ပွဲတွေမှာ အနိုင်ရတဲ့အသင်းက အမြဲတမ်း ဥရောပအသင်းတွေ ဖြစ်နေတာပါ"လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။ ယနေ့ညနေပွဲစဉ်မတိုင်ခင် အာဂျင်တီးနားဂိုးသမား အီမီလီယာနို မာတီနက်ဇ်က အမ်ဘာပေရဲ့ မှတ်ချက်စကားကို ပြန်လည်တုံ့ပြန်ခဲ့တာဖြစ်ပြီး "သူက ဘောလုံးနဲ့ပတ်သက်ပြီး သိသင့်သလောက် မသိပါဘူး။ သူ ဘယ်တုန်းကမှ တောင်အမေရိကမှာ မကစားခဲ့ဖူးပါဘူး"

"ခင်ဗျားမှာ ဒီလို အတွေ့အကြုံမျိုး မရှိတဲ့အခါမှာ အဲဒီအကြောင်းကို မပြောဘဲနေတာက ပိုပြီးကောင်းတာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါပေမယ့် အဲဒါက အရေးမပါပါဘူး။ ကျွန်တော်တို့က အရမ်းကောင်းတဲ့အသင်းဖြစ်ပြီး အဲဒီလိုလည်း အသိအမှတ်ပြုခံထားရပါတယ်"လို့ တုံ့ပြန်ခဲ့တာဖြစ်ပါတယ်။ မာတီနက်ဇ်ရဲ့ အသင်းဖော် လီယွန်နယ် မက်ဆီကလည်း ၎င်းရဲ့ ဂိုးသမား ပြောဆိုမှုကို သဘောတူညီခဲ့ပြီး အရင်တုန်းက TyC Sports ကို "ကျွန်တော်တို့ စပိန်မှာ အဲဒီကိစ္စနဲ့ပတ်သက်ပြီး အကြိမ်ပေါင်းများစွာ ပြောခဲ့တယ်။ ကျွန်တော်တို့ ကမ္ဘာံဖလားခြေစစ်ပွဲကနေ ပြန်ရောက်လာတဲ့အချိန်မှာ ကျွန်တော်တို့ သူတို့ကို ပြောခဲ့တယ်။ ခင်ဗျား ဗင်နီဇွဲလားက အမြင့်ပေ၊ အပူရှိန်နဲ့ အဲဒီကိုသွားပြီး ကမ္ဘာ့ဖလားဝင်ခွင့်ရဖို့အတွက် ကစားရမယ်ဆိုရင် ဘယ်လောက်တောင် ခက်ခဲမလဲဆိုတာကို ခင်ဗျားမသိပါဘူး"လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

အမှန်တကယ်လည်း တောင်အမေရိကဇုန်က ဝင်ခွင့်လုပ်ငန်းစဉ်ဟာ ဥရောပနဲ့ လုံးဝကို ကွဲပြားခြားနားနေတာဖြစ်ပြီး တောင်အမေရိကဇုန်က ၁၀ နိုင်ငံဟာ အလိုအလျောက်ဝင်ခွင့် ၄ နေရာနဲ့ Play-off တစ်နေရာအတွက် တိုက်ပွဲဝင်ကြရတာ ဖြဖစ်ပါတယ်။ ဥရောပ ၅၅ နိုင်ငံကတော့ အုပ်စု ၁၀ ခု ခွဲပြီး ကမ္ဘာ့ဖလားဝင်ခွင့် ၁၃ နေရာအတွက် တိုက်ပွဲဝင်ရတာ ဖြစ်ပါတယ်။

Share

Loading Next Article...
က္က