အောင်ပွဲခံလှည့်လည်နေချိန်အတွင်း ပြင်သစ်ကြယ်ပွင့် ခီလီယန် အမ်ဘာပေကို ပြင်းပြင်းထန်ထန် လှောင်ပြောင်ခဲ့ပါတယ်။

အီမီလီယာနို မာတီနက်ဇ်ဟာ အာဂျင်တီးနားအသင်းရဲ့ ဗျူနို အေးရိစ်မြို့မှာ အောင်ပွဲခံလှည့်လည်နေချိန်အတွင်း ပြင်သစ်ကြယ်ပွင့် ခီလီယန် အမ်ဘာပေကို ပြင်းပြင်းထန်ထန် လှောင်ပြောင်ခဲ့ပါတယ်။

အာဂျင်တီးနားအသင်းဟာ တနင်္ဂနွေနေ့ ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာ ပြင်သစ်ကို အကြိတ်အနယ်ယှဉ်ပြိုင်ပြီး အနိုင်ရရှိခဲ့ပြီးနောက် ကမ္ဘာ့ချန်ပီယံဘွဲ့ကို ထိုက်ထိုက်တန်တန် ရရှိခဲ့တာဖြစ်ပါတယ်။ လီယွန်နယ် မက်ဆီနဲ့ ဒီမာရီယာတို့က ပွဲပြီးခါနီး ၁၀ မိနစ်မှာ အမ်ဘာပေက အံ့အားသင့်ဖွယ်ကောင်းလောက်အောင် ချေပဂိုး ၂ ဂိုး ဆက်တိုက် မသွင်းယူမီ ပထမပိုင်းမှာ အာဂျင်တီးနားကို ၂-၀ နဲ့ ဦးဆောင်နိုင်အောင် ဂိုးတွေ သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

နောက်ဆုံးမှာတော့ အာဂျင်တီးနားအသင်းကပဲ ပင်နယ်တီ အဆုံးအဖြတ်မှာ ၄-၂ နဲ့ အနိုင်ရရှိသွားခဲ့တာဖြစ်ပြီး ပင်နယ်တီ အဆုံးအဖြတ်ခံယူရာမှာ အီမီလီယာနို မာတီနက်ဇ်က ကင်းစလေ ကိုမန်းရဲ့ ကန်ချက်ကို အရေးကြီးတဲ့ ကာကွယ်မှု ပြုလုပ်နိုင်ခဲ့တာဖြစ်ပါတယ်။ ဆုဖလားချီးမြှင့်ချိန်အတွင်းမှာလည်း အက်စတန် ဗီလာဂိုးသမားဟာ ပြိုင်ပွဲတလျှောက် အကောင်းဆုံးဂိုးသမားအဖြစ် သတ်မှတ်ခြင်း ခံခဲ့ရတာကြောင့် ရွှေလက်အိတ်ဆုကို ပေးအပ်ချီးမြှင့်ခြင်း ခံခဲ့ရတာဖြစ်ပါတယ်။ 

အောင်ပွဲရ အာဂျင်တီးနားအသင်းဟာ ဗျူနို အေးရိစ်မြို့ကို အင်္ဂါနေ့မှာ ပြန်လည်ရောက်ရှိလာခဲ့တာဖြစ်ပြီး ပရိသတ်သန်းပေါင်းများစွာဟာ မြို့တော်ရဲ့ လမ်းမတွေပေါ်မှာ အောင်ပွဲခံလှည့်လည်နေတဲ့ အာဂျင်တီးနားအသင်းသားတွေကို ကြိုဆိုနှုတ်ဆက်ခဲ့ကြတာဖြစ်ပါတယ်။ အောင်ပွဲခံလှည့်လည်နေချိန်အတွင်း မာတီနက်ဖ်ဟာ အမိုးဖွင့် ဘတ်စ်ကားပေါ်မှာ အမ်ဘာပေရဲ့ မျက်နှာပုံ ကပ်ထားတဲ့ ငိုကြွေးနေတဲ့ ကလေးရုပ်တစ်ရုပ်ကို ပိုက်ထားပြီး ပီအက်စ်ဂျီကြယ်ပွင့်ကို လှောင်ပြောင်ခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။


ပရိသတ်တွေဟာ လူမှုကွန်ရက်ပေါ်မှာ မာတီနက်ဇ်ရဲ့ အပြုအမူကို လျင်လျင်မြန်မြန်ပဲ တုံ့ပြန်ခဲ့ကြပြီး ပရိသတ်တစ်ဦးက "သူ့ကို ၄ ဂိုး သွင်းသွားတာတောင် အကြောက်အလန့်ကို မရှိဘူး"လို့ ရေးသားခဲ့ပြီး နောက်ထပ် ပရိသတ်တစ်ဦးကလည်း "ဒီလို ပြန်လုပ်ရလောက်အောင် အမ်ဘာပေက သူ့ကို ဘာတွေတောင် လုပ်သွားခဲ့တာလဲ"လို့ မှတ်ချက်ပေးခဲ့ပါတယ်။

Share

Loading Next Article...
က္က