အက်စတန် ဗီလာနည်းပြ အူနိုင်း အမ်မရီဟာ ကမ္ဘာ့ဖလားချန်ပီယံ အီမီလီယာနို မာတီနက်ဇ်ကို ရောင်းထုတ်ချင်နေတယ်လို့ သိရပါတယ်။
မာတီနက်ဇ်ဟာ ပြင်သစ်အသင်းကို ပင်နယ်တီအဆုံးအဖြတ်မှာ အနိုင်ရရှိပြီး ကမ္ဘာ့ဖလားရရှိခဲ့တဲ့ အာဂျင်တီးနားအသင်းအတွက် ပါဝင်ကစားပေးခဲ့တဲ့ ကစာသမားဖြစ်ပါတယ်။ ကာတာမှာ ပေးဂိုးမရှိပွဲစဉ် ၃ ပွဲ ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပြီးနောက် မာတီနက်ဇ်ဟာ ရွှေလက်အိတ်ဆုကို ပေးအပ်ချီးမြှင့်ခြင်းခံခဲ့ရပြီး ဆုပေးပွဲမှာ ထူးဆန်းတဲ့ပုံစံနဲ့ အောင်ပွဲခံခဲ့တာဖြစ်ပါတယ်။
အီမီလီယာနို မာတီနက်ဇ်ဟာ နိုင်ငံတကာအဆင့်မှာ စွမ်းဆောင်ရည်ကောင်း ပြသနိုင်ခဲ့ပေမယ့်လည်း နည်းပြ အမ်မရီက အက်စတန် ဗီလာမှာ အာဂျင်တီးနားဂိုးသမားကို မလိုချင်တော့တာဖြစ်ပါတယ်။ Fichajes က စပိန်လူမျိုးနည်းပြဟာ အသက် ၃၀ အရွယ် ဂိုးသမားနဲ့အတူ အလုပ်တွဲမလုပ်ချင်တော့ဘဲ လာမယ့် ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ ရောင်းထုတ်ခြင်း ခံရတော့မယ်လို့ ဖော်ပြခဲ့တာဖြစ်ပါတယ်။
အမ်မရီဟာ အီမီလီယာနို မာတီနက်ဇ်ရဲ့ စိတ်ခံစားချက် မထိန်းချုပ်နိုင်တဲ့အပေါ်မှာ တော်တော်လေး မပျော်မရွှင်ဖြစ်ခဲ့တယ်လို့ ယုံကြည်ရပြီး ဗီလာပါ့ခ်ကနေ ထွက်ခွာစေချင်နေပြီ ဖြစ်ပါတယ်။ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ မော်ရိုကိုအသင်းနဲ့အတူ အံ့အားသင့်ဖွယ် လက်စွမ်းပြသခဲ့ပြီး ရွှေလက်အိတ်ဆု အမှန်တကယ် ရရှိခဲ့သင့်သူလို့ ပရိသတ်တွေရဲ့ သတ်မှတ်ခြင်းခံခဲ့ရတဲ့ ဆီဗီလာဂိုးသမား ရက်ဆင်း ဘိုနူက မာတီနက်ဇ်ရဲ့နေရာမှာ အစားထိုးခေါ်ယူမှုအဖြစ် ပေါ်ထွက်လာခဲ့တာဖြစ်ပါတယ်။