အီမီလီယာနို မာတီနက်ဇ်ဟာ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အာဂျင်တီးနားအသင်းအတွက် သူရဲကောင်းဖြစ်ခဲ့သူတွေထဲက တစ်ဦးဖြစ်ပြီး ဗိုလ်လုပွဲအပြီးမှာ ပြင်သစ်တိုက်စစ်မှူး အမ်ဘာပေကို လှောင်ပြောင်ခဲ့တာဖြစ်ပါတယ်။
မာတီနက်ဇ်ဟာ ဟူဂို လိုရစ်ရဲ့ပြင်သစ်အသင်းနဲ့ ပင်နယ်တီ အဆုံးအဖြတ်မှာ ကင်းစလေ ကိုးမန်းရဲ့ ကန်သွင်းချက်ကို ကာကွယ်နိုင်ခဲ့တာဖြစ်ပြီး ကမ္ဘာ့ဖလားရရှိပြီးနောက်မှာ အမ်ဘာပေကို အကြိမ်ပေါင်းများစွာ လှောင်ပြောင်ခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာတော့ မာတီနက်ဇ်ဟာ ပရီးမီးယားလိဂ်မှာ တော့တင်ဟမ်ဟော့စပါးနဲ့ ဟူဂို လိုရစ်ကို ပြန်လည်ရင်ဆိုင်ဖို့ ပြင်ဆင်နေရပြီဖြစ်ပြီး အာဂျင်တီးနားဂိုးသမားဟာ အင်္ဂလန်ကို ပြန်လည်ရောက်ရှိနေပြီးဖြစ်ပြီး အသင်းနဲ့ ယနေ့ လေ့ကျင့်ရေးမှာ ပူးပေါင်းသွားမှာဖြစ်ပါတယ်။
အူနိုင်း အမ်မရီရဲ့အသင်းဟာ နှစ်သစ်ကူးနေ့မှာ တော့တင်ဟမ်ဟော့စပါးအသင်းနဲ့ တွေ့ဆုံယှဉ်ပြိုင်သွားတော့မှာ ဖြစ်ပြီး မာတီနက်ဇ်ရဲ့ လုပ်ရပ်ဟာ နည်းပြ အမ်မရီရဲ့ အာရုံစိုက်မှုကိုလည်း ရရှိခဲ့တာ ဖြစ်ပါတယ်။ အက်စတန် ဗီလာနည်းပြက ခီလီယန် အမ်ဘာပေကို လှောင်ပြောင်ခဲ့တဲ့ မာတီနက်ဇ်ရဲ့ လုပ်ရပ်ကို "ခင်ဗျားမှာ ကြီးမားတဲ့ စိတ်ခံစားချက်ရှိတဲ့အခါမှာ တစ်ခါတလေ အဲဒါကို ထိန်းချုပ်ဖို့က ခက်ခဲပါတယ်။ ကျွန်တော် လာမယ့်အပတ်မှာ အောင်ပွဲခံပုံအချို့နဲ့ပတ်သက်ပြီး သူနဲ့ စကားပြောသွားမှာပါ။ ဒါပေမယ့် သူ အခု သူ့ရဲ့လက်ရွေးစင်အသင်းနဲ့အတူ ရှိနေတာကို ကျွန်တော် လေးစားမှုရှိပါတယ်။ သူ ကျွန်တော်တို့နဲ့အတူ ရှိတဲ့အချိန်ကျ ကျွန်တော်တို့ရဲ့ တာဝန်ခံမှုအောက်မှာရှိတဲ့အချိန်ကျရင် အဲဒီအကြောင်း စကားပြောနိုင်မှာပါ"လို့ တုံ့ပြန်ခဲ့တာဖြစ်ပါတယ်။
အမ်ဘာပေဟာ ပြင်သစ်အသင်းနဲ့အတူ အလွန်ကောင်းမွန်တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲကို ပိုင်ဆိုင်ခဲ့သူဖြစ်ပြီး ဗိုလ်လုပွဲမှာ ဟက်ထရစ်သွင်းယူနိုင်ခဲ့ပြီးနောက် ၁၉၆၆ ခုနှစ်တုန်းက ဆာ ဂျော့ဖ် ဟတ်စ်နောက်ပိုင်း ပထမဆုံး ဟက်ထရစ်သွင်းယူနိုင်တဲ့ကစားသမားဖြစ်လာခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် အမ်ဘာပေဟာ အီမီလီယာနို မာတီနက်ဇ်ကို ပင်နယ်တီကန်သွင်းမှုမှာ ၂ ကြိမ်အထိ အနိုင်ရရှိခဲ့တာဖြစ်ပေမယ့်လည်း ပြင်သစ်အသင်း ပင်နယ်တီ အဆုံးအဖြတ်မှာ ရှုံးနိမ့်သွားခဲ့ပြီး ကမ္ဘာ့ဖလားချန်ပီယံဘွဲ့ကို ထိန်းသိမ်းနိုင်ခြင်းမရှိခဲ့တာဖြစ်ပါတယ်။