ရော်နယ်လ်ဒိုနဲ့အနာဂတ်အတွက် အေးအေးဆေးဆေး စကားထိုင်ပြောသွားမှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

ပေါ်တူဂီအသင်းဟာ ယနေ့မှာ ဘယ်လ်ဂျီယမ်နည်းပြဟောင်း ရောဘတ်တို မာတီနက်ဇ်ကို နည်းပြသစ်အဖြစ် ခန့်အပ်လိုက်ပြီဖြစ်တယ်လို့ ကြေညာခဲ့ပြီး စပိန်လူမျိုးနည်းပြဟာ ပေါ်တူဂီလက်ရွေးစင်အသင်းခေါင်းဆောင် ရော်နယ်လ်ဒိုနဲ့အနာဂတ်အတွက် အေးအေးဆေးဆေး စကားထိုင်ပြောသွားမှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

ပေါ်တူဂီအသင်းက ၂၀၂၂ ကမ္ဘာ့ဖလားကွာတားဖိုင်နယ်အဆင့်မှာ မော်ရိုကိုအသင်းကို ၁-၀ နဲ့ အံ့အားသင့်ဖွယ်ရှုံးနိမ့်ခဲ့ပြီးနောက် နည်းပြရာထူးကနေ နုတ်ထွက်သွားခဲ့တဲ့ ဖာနန်ဒို ဆန်းတို့စ်ရဲ့နေရာမှာ မာတီနက်ဇ်ကို အစားထိုးခန့်အပ်လိုက်တာဖြစ်ပါတယ်။ "ဖိတ်ခေါ်မှုကို လက်ခံခဲ့တဲ့ စိတ်အားထက်သန်မှု၊ ရည်မှန်းချက်ကြီးမားမှုနဲ့အတူ လက်ခံခဲ့တဲ့ သူ့ကို ကျွန်တော် ချီးကျူးပါတယ်။ ဒါက လက်ရွေးစင်အသင်းအတွက် အရေးကြီးတဲ့အခိုက်အတန့်ပါ"လို့ ပေါ်တူဂီဘောလုံးအဖွဲ့ချုပ်ဥက္ကဌ ဖာနန်ဒို ဂိုးမက်စ်က ပြောကြားခဲ့ပါတယ်။

မာတီနက်ဇ်ဟာ ဘယ်လ်ဂျီယမ်အသင်းကို ကမ္ဘာ့ဖလားအုပ်စုအဆင့်ကနေ တက်အောင် မစွမ်းဆောင်နိုင်ခဲ့တဲ့နောက်ပိုင်း နည်းပြရာထူးကနေ နုတ်ထွက်ခဲ့တာဖြစ်ပါတယ်။ ရောဘတ်တို မာတီနက်ဇ်က လွန်ခဲ့တဲ့အချိန်တွေအချို့ကတည်းက ၆ နှစ်ကြာ ဘယ်လ်ဂျီယမ်နည်းပြဘဝကို အဆုံးသတ်ဖို့ ဆုံးဖြတ်ချက်ချမှတ်ခဲ့ပြီးဖြစ်ပြီး ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဗိုလ်စွဲခဲ့ရင်တောင်မှ ရာထူးကနေ ထွက်ခွာမှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

မာတီနက်ဇ်ဟာ ဘယ်လ်ဂျီယမ်အသင်းကို ကမ္ဘာ့အဆင့်သတ်မှတ်ချက်မှာ နံပါတ် ၁ ဖြစ်အောင် စွမ်းဆောင်ပေးနိုင်ခဲ့ပြီး ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာတုန်းကလည်း တတိယရရှိအောင် နည်းပြပေးခဲ့တာဖြစ်ပါတယ်။ "ကမ္ဘာပေါ်က အရည်အချင်းအရှိဆုံးအသင်းတွေထဲက တစ်သင်းကို ကိုယ်စားပြုခွင့်ရလို့ ဝမ်းမြောက်ပျော်ရွှင်မိပါတယ်။ ကြီးမားတဲ့ မျှော်မှန်းချက်တွေရှိတယ်ဆိုတာကို ကျွန်တော် နားလည်သလို အရမ်းကြီးမားတဲ့အသင်းအဖွဲ့လည်းရှိနေတယ်ဆိုတာကိုလည်း နားလည်ပါတယ်။ ကျွန်တော်တို့ အတူတူသာဆိုရင် ရည်မှန်းချက်ပန်းတိုင်ကို ရရှိနိုင်မှာပါ"လို့ ပြောကြားခဲ့ပါတယ်။

လက်ရွေးစင်အသင်းထဲက ရော်နယ်လ်ဒိုရဲ့ အနာဂတ်နဲ့ပတ်သက်ပြီး မေးခွန်းထုတ်ခံရချိန်မှာ မာတီနက်ဇ်က အသက် ၃၇ နှစ်အရွယ်တိုက်စစ်မှူးကို ဆက်သွယ်သွားမှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ "ကျွန်တော် နောက်ဆုံး ကမ္ဘာ့ဖလားကစားခဲ့တဲ့ ကစားသမား ၂၆ ဦးစလုံးကို ဆက်သွယ်ချင်ပါတယ်။ ခရစ္စတီယာနိုက အဲဒီစာရင်းထဲက ကစားသမားပါ"လို့ တုံ့ပြန်ခဲ့ပါတယ်။

Share

Loading Next Article...
က္က