ဘာစီလိုနာကွင်းလယ်ကြယ်ပွင့် ဆာဂီယို ဘူးစ်ကတ်က အယ်လ် နက်ဆာအသင်းကို ပြောင်းရွှေ့သွားခဲ့တဲ့ ခရစ္စတီယာနို ရော်နယ်လ်ဒိုရဲ့ အပြောင်းအရွှေ့ကို မှတ်ချက်ပေးခဲ့တဲ့ နောက်ဆုံး နာမည်ကျော်ကစားသမားတွေထဲက တစ်ဦးဖြစ်လာခဲ့ပြီ ဖြစ်ပါတယ်။
ပေါ်တူဂီဂန္တဝင်တိုက်စစ်မှူးဟာ ဆော်ဒီ ပရိုလိဂ်ကလပ်အသင်းဖြစ်တဲ့ အယ်လ် နက်ဆာအသင်းကို ကြီးမားတဲ့ လုပ်ခလစာနဲ့ ပြောင်းရွှေ့ခဲ့တာဖြစ်ပြီး ၂ နှစ်ခွဲ စာချုပ် ချုပ်ဆိုခဲ့တာ ဖြစ်ပါတယ်။ ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ ဆော်ဒီ အာရေဗျမှာ တစ်နှစ်လုပ်ခလစာ ယူရိုသန်း ၂၀၀ ရရှိမယ်လို့ မျှော်မှန်းခြင်းခံထားရပြီး မန်ချက်စတာယူနိုက်တက်နဲ့ နိုဝင်ဘာလမှာ နှစ်ဦးသဘောတူ လမ်းခွဲခဲ့ပြီးနောက်မှာ အရှေ့အလယ်ပိုင်းကို အံ့အားသင့်ဖွယ် ပြောင်းရွှေ့သွားခဲ့တာဖြစ်ပါတယ်။
ရော်နယ်လ်ဒိုဟာ အယ်လ် နက်ဆာအသင်းကို ပြောင်းရွှေ့ခဲ့ပြီးနောက် သတင်းစာရှင်းလင်းပွဲအတွင်း ဥရောပက အရာအားလုံးကို အနိုင်ရရှိခဲ့ပြီးဖြစ်တာကြောင့် အယ်လ် နက်ဆာကို ပြောင်းရွှေ့ခဲ့တာက သင့်တော်တဲ့အချိန်ဖြစ်တယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။ အသက် ၃၇ နှစ်အရွယ် တိုက်စစ်မှူးဟာ ဥရောပဘောလုံးလောကကို ကျောခိုင်းသွားခဲ့ပြီဖြစ်ပုံပေါ်ပြီး ဆော်ဒီ အာရေဗျလိဂ်ဟာ ဘောလုံးလောကရဲ့ စူပါစတားတွေ ကစားသမားဘဝ နေဝင်ချိန်မှာ ပြောင်းရွှေ့တာမျိုး နည်းပါးတဲ့ လိဂ်တစ်ခု ဖြစ်ပါတယ်။
ဒါပေမယ့်လည်း ဘူးစ်ကတ်က ရော်နယ်လ်ဒိုရဲ့ အပြောင်းအရွှေ့ဟာ ဆော်ဒီ ပရိုလိဂ်ကို အလွန်ကောင်းမွန်တဲ့ အရည်အသွေးတွေ ယူဆောင်ပေးနိုင်လိမ့်မယ်လို့ ယုံကြည်နေတာဖြစ်ပြီး ဘာစီလိုနာကွင်းလယ်ကြယ်ပွင့်ကိုလည်း ဆော်ဒီ အာရေဗျက ခေါ်ယူဖို့ စိတ်ဝင်စားမှုတွေရှိနေချိန်မှာ မန်ချက်စတာယူနိုက်တက်ကြယ်ပွင့်ဟောင်းရဲ့ အပြောင်းအရွှေ့အပေါ် ၎င်းရဲ့ ထင်မြင်ချက်ကို ပြောကြားလိုက်တာ ဖြစ်ပါတယ်။ "အယ်လ်နက်ဆာကို ခရစ္စတီယာနို ပြောင်းရွှေ့သွားတာလား။ သူက ဆော်ဒီ အာရေဗျလိဂ်ကို အရည်အသွေးတွေ ယူဆောင်ပေးပါလိမ့်မယ်။ ရော်နယ်လ်ဒိုနဲ့ သူ့အသင်းသစ်ကို အကောင်းဆုံးဖြစ်ပါစေလို့ ကျွန်တော် ဆုတောင်းပေးပါတယ်"လို့ BarcaTV+ ကို ပြောကြားခဲ့တာဖြစ်ပါတယ်။