အာဆင်နယ်အသင်းခေါင်းဆောင် မာတင် အော်ဒီဂွါဒ်ဟာ ယနေ့ည အမ်းမရိတ်စ်က ပရီးမီးယားလိဂ်ပွဲမတိုင်ခင် မန်ချက်စတာယူနိုက်တက်နဲ့ အဲရစ် တန်ဟက်တို့ကို ချီးကျူးပြောဆိုမှုတွေ ပြုလုပ်ခဲ့ပါတယ်။
မန်ချက်စတာယူနိုက်တက်ဟာ လက်ရှိမှာ ပရီးမီးယားလိဂ်အမှတ်ပေးဇယား အဆင့် ၃ နေရာမှာ ရပ်တည်နေတာဖြစ်ပြီး ရာသီအစကို စိတ်ပျက်ဖွယ်စတင်ခဲ့ပြီးနောက် ထူးထူးခြားခြား အလှည့်အပြောင်းကို ပြုလုပ်နိုင်ခဲ့တာဖြစ်ပါတယ်။ တန်ဟက်ရဲ့အသင်းဟာ ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်တွေမှာ ဘရိုက်တန်နဲ့ ဘရန့်တ်ဖို့ဒ်တို့ကို ရှုံးနိမ့်ခဲ့ပြီးနောက် အမှတ်ပေးဇယား အောက်ခြေမှာရပ်တည်ခဲ့ရတာဖြစ်ပေမယ့်လည်း လက်ရှိမှာတော့ ၁၉ ပွဲမှာ ၃၉ မှတ်နဲ့ တတိယနေရာမှာ ရပ်တည်နေပြီ ဖြစ်ပါတယ်။
မာတင် အော်ဒီဂွါဒ်က မန်ချက်စတာယူနိုက်တက်ရဲ့မကြာသေးမီက စွမ်းဆောင်ရည်တွေအတွက် ယနေ့ညပွဲမတိုင်ခင်မှာ ချီးကျူး ပြောဆိုခဲ့တာဖြစ်ပြီး "မန်ချက်စတာယူနိုက်တက်က အရမ်းကောင်းကောင်း ကစားနေတာ သိသာပါတယ်။ ကျွန်တော် သူတို့ကို ခုနောက်ပိုင်း တော်တော်လေး စောင့်ကြည့်ခဲ့ပြီး ကျွန်တော့်အတွက် သူတို့က ဒီရာသီမှာ ကောင်းပြီးရင်း ကောင်းလာပါတယ်။ သူတို့နည်းပြကလည်း အိုင်းယက်စ်နဲ့ ဟော်လန်မှာ ရှိခဲ့တဲ့အချိန်ကတည်းက ကျွန်တော် သိခဲ့တဲ့ နည်းပြကောင်းပါ။ သူ့ရဲ့အသင်းက အမြဲတမ်းကောင်းမွန်တဲ့ ဘောလုံးကစားပုံနဲ့ ကစားခဲ့တယ်"
"အဲဒီတော့ ဟုတ်ပါတယ်။ သူတို့တွေ ကောင်းကောင်း လုပ်နေပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ဒီရာသီအစောပိုင်း အိုးထရက်ဖို့ဒ်က ပွဲကို ပြန်အမှတ်ရပါမယ်။ အဲဒီနေ့တုန်းက ကျွန်တော်တို့ ပွဲချိန်အများစုကို ထိန်းချုပ်ထားနိုင်ခဲ့တယ်လို့ ခံစားခဲ့ရပြီး ကျွန်တော်တို့ အဆုံးမှာ ပိုကောင်းတဲ့ရလဒ် ရရှိဖို့ ထိုက်တန်ခဲ့တယ်လို့ ခံစားမိခဲ့ပါတယ်"လို့ ပြောကြားခဲ့ပါတယ်။ မန်ချက်စတာယူနိုက်တက်ဟာ ယခုရာသီ ပရီးမီးယားလိဂ်မှာ အာဆင်နယ်ကို အနိုင်ရရှိထားတဲ့ တစ်သင်းတည်းသော အသင်းဖြစ်ပြီး တန်ဟက်ရဲ့အသင်းဟာ ယခုရာသီအစောပိုင်းတုန်းက အိုးထရက်ဖို့ဒ်မှာ ဂန်းနားတွေကို ၃-၁ နဲ့ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။
အော်ဒီဂွါဒ်က ဒီတစ်ကြိမ် အိမ်ကွင်း အမ်းမရိတ်စ်မှာ မန်ချက်စတာယူနိုက်တက်နဲ့ ရင်ဆိုင်တဲ့ပွဲစဉ်မှာ ပိုမိုတိုးတက်လာတဲ့ စွမ်းဆောင်ရည် ပေးသွားမယ်လို့ ကတိပြုခဲ့ပါတယ်။ "ပွဲကို သေးငယ်တဲ့အချိန်အပိုင်းအခြားမဟုတ်ဘဲ မိနစ် ၉၀ စလုံး ထိန်းချုပ်ဖို့ ဒီတစ်ကြိမ်မှာ ကျွန်တော်တို့ စည်းကမ်းလိုက်နာမှုအချို့ပိုပြီး ပြသချင်ပါတယ်။ အဲဒါက ခက်ခဲတဲ့ပွဲဖြစ်လာမှာဖြစ်ပေမယ့်လည်း ကျွန်တော်တို့ အဲဒီအတွက် အဆင်သင့်ဖြစ်နေပြီဖြစ်ပြီး ယုံကြည်ချက်ရှိနေတယ်လို့ ခံစားနေရပါတယ်"လို့ ပြောကြားခဲ့ပါတယ်။