မန်ချက်စတာယူနိုက်တက် ဗဟိုခံစစ်ကစားသမား ရာဖေးလ် ဗာရွမ်းဟာ လက်ရွေးစင်ကစားသမားဘဝကနေ စောစီးစွာ အနားယူကြောင်း ကြေညာခဲ့ပြီး ရိုင်ယန် ဂစ်နဲ့ ပေါလ် စခိုးတို့ရဲ့ ခြေရာကို လိုက်နင်းခဲ့ပါတယ်။
အဲရစ် တန်ဟက်ရဲ့အသင်းဟာ ပြီးခဲ့တဲ့ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ လူစာရင်းထဲက ကစားသမားအများဆုံး စေလွှတ်ခဲ့ရတဲ့ အသင်းတွေထဲမှာ အပါအဝင်ဖြစ်ခဲ့တာဖြစ်ပြီး ယူနိုက်တက်ကြယ်ပွင့် ၁၆ ဦးအထိ ကာတာက ကမ္ဘာ့လားပြိုင်ပွဲမှာ ပါဝင်ပတ်သက်ခဲ့တာဖြစ်ပါတယ်။ လီဆန်ဒရို မာတီနက်ဇ်နဲ့ ရာဖေးလ် ဗာရွမ်းတို့လို ကစားသမားတွေဟာ ဗိုလ်လုပွဲအဆင့်အထိ တက်ရောက်နိုင်ခဲ့ကြတာဖြစ်ပြီး အာဂျင်တီးနားအသင်းက ဗိုလ်လုပွဲမှာ ပြင်သစ်ကို ပင်နယ်တီ အဆုံးအဖြတ်နဲ့ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။
ပြင်သစ်လက်ရွေးစင်နောက်ခံလူ ရာဖေးလ် ဗာရွမ်းဟာ အသက် ၂၉ နှစ်အရွယ်မှာပဲ လက်ရွေးစင်ကစားသမားဘဝကနေ အနားယူပြီဖြစ်တယ်လို့ ကြေညာခဲ့ပြီး ၂၀၁၈ ကမ္ဘာ့ဖလားချန်ပီယံဟာ လွန်ခဲ့တဲ့ ၉ နှစ်က လက်ရွေးစင်ကစားသမားဘဝ ပွဲဦးထွက်ခဲ့ပြီးနောက် ၉၃ ပွဲအထိ ပါဝင်ကစားပေးခဲ့တာဖြစ်ပါတယ်။ "ကျွန်တော်တို့ရဲ့ ကြီးမြတ်တဲ့ နိုင်ငံကို ဆယ်စုနှစ်တစ်ခုကြာ ကိုယ်စားပြုပေးခဲ့ရတာက ကျွန်တော့်ဘဝရဲ့ အကြီးမားဆုံး ဂုဏ်ယူစရာတွေထဲက တစ်ခုပါ။ ကျွန်တော် ဒီအရမ်းထူးခြားတဲ့ အပြာရောင်ဂျာစီကို ဝတ်ဆင်ခဲ့တဲ့အချိန်တိုင်း ကြီးမားတဲ့ ဂုဏ်ယူမှုကို ခံစားခဲ့ရပါတယ်။ အားပေးကို ပေးဖို့ တာဝန်၊ ကျွန်တော့်နှလုံးသား အပြင်ကို ခုန်ထွက်အောင် ကစားခဲ့ပြီး ကွင်းထဲမှာ အားစိုက်ထုတ်ခဲ့တဲ့အချိန်တိုင်း အနိုင်ရခဲ့တယ်"
"ကျွန်တော် ဒီအတွက် လအတော်ကြာ စဉ်းစားနေခဲ့ပြီး ကျွန်တော့်အတွက် လက်ရွေးစင်ကစားသမားဘဝကနေ အနားယူဖို့အတွက် သင့်တော်တဲ့အချိန်ဖြစ်တယ်လို့ ဆုံးဖြတ်လိုက်ပါတယ်"လို့ ထုတ်ပြန်ကြေညာချက်ထဲမှာ ရေးသားထားပါတယ်။ ဗာရွမ်းဟာ အကောင်းဆုံးနှစ်တွေ ရှေ့မှာ ရှိနေသေးချိန်မှာ လက်ရွေးစင်ကစားသမားဘဝကနေ အနားယူခဲ့တာဟာ မန်ချက်စတာယူနိုက်တက်ဂန္တဝင်တွေဖြစ်တဲ့ ရိုင်ယန် ဂစ်နဲ့ ပေါလ် စခိုးတို့ရဲ့ ခြေရာကို လိုက်နင်းခဲ့တာဖြစ်ပြီး ပေါလ် စခိုးဟာ အသက် ၂၉ နှစ်အရွယ်မှာပဲ မိသားစုအကြောင်းပြချက်နဲ့ အင်္ဂလန်လက်ရွေးစင်အသင်းကနေ အနားယူခဲ့ပြီး ကလပ်အသင်းအဆင့်ကို ပိုမို အရေးထားခဲ့တာ ဖြစ်ပါတယ်။
ပေါလ် စခိုးဟာ အင်္ဂလန်လက်ရွေးစင်အသင်းမှာ စတီဗင် ဂျရတ်နဲ့ လမ်းပတ်တို့ကြောင့် ကွင်းလယ်ဗဟိုနေရာမှာ ပွဲကစားချိန် ကန့်သတ်ခြင်းခံခဲ့ရပြီးနောက် လက်ရွေးစင်ကစားသမားဘဝကနေ အနားယူကြောင်း ကြေညာခဲ့တာဖြစ်ပြီး အိုးထရက်ဖို့ဒ်မှာတော့ နောက်ထပ် ၉ နှစ်အထိ ကစားပေးခဲ့တာ ဖြစ်ပါတယ်။ ရိုင်ယန် ဂစ်ကလည်း ၂၀၀၇ ခုနှစ်တုန်းက အသက် ၃၃ နှစ်အရွယ်မှာ ဝေးလ်လက်ရွေးစင်ကစားသမားဘဝကနေ အနားယူခဲ့တာဖြစ်ပြီး အဲဒီအချိန်တုန်းက မန်ယူနိုက်တက်တောင်ပံကစားသမားရဲ့ ကစားသမားဘဝဟာ အဆုံးသတ်တော့မယ့်ပုံပေါ်ခဲ့တာဖြစ်ပေမယ့်လည်း ရိုင်ယန် ဂစ်ဟာ အသက် ၄၀ ပြည့်မွေးနေ့ကို ကျော်လွန်တဲ့အထိ အိုးထရက်ဖို့ဒ်မှာ ကစားပေးခဲ့တာ ဖြစ်ပါတယ်။