ရှုံးထွက်အဆင့်အတွက် လူစာရင်းအသင်းကို အတည်ပြုရတော့မှာ ဖြစ်ပါတယ်။

လီဗာပူးလ်ကွင်းလယ်ကစားသမား အာသာ မယ်လိုဟာ ယာဂန် ကလော့ပ်အသင်းရဲ့ ချန်ပီယံလိဂ် လူစာရင်းကနေ ထုတ်ခံခဲ့ရတယ်လို့ သိရပါတယ်။

ယာဂန် ကလော့ပ်ရဲ့အသင်းဟာ ခက်ခဲကြမ်းတမ်းတဲ့ရာသီကို ဖြတ်သန်းနေရတာဖြစ်ပြီး ပရီးမီးယားလိဂ်မှာ အမှတ်ပေးဇယားထိပ်ဆုံးက အာဆင်နယ်နဲ့ ၂၁ မှတ်၊ ထိပ်ဆုံး ၄ နေရာနဲ့ ၇ မှတ်အကွာ အဆင့် ၉ နေရာမှာ ရပ်တည်နေရတာဖြစ်ပါတယ်။ တစ်ဆက်တည်းမှာပဲ လီဗာပူးလ်အသင်းဟာ ပြည်တွင်းဖလားပြိုင်ပွဲ ၂ ခုစလုံးကနေလည်း ထွက်ခွာခဲ့ရပြီးဖြစ်ပြီး ချန်ပီယံလိဂ်ပြိုင်ပွဲမှာလည်း ပြီးခဲ့တဲ့ရာသီ ဗိုလ်လုပွဲတကျော့ပြန် ရီးရဲလ်မက်ဒရစ်နဲ့ ၁၆ သင်းရှုံးထွက်အဆင့်မှာ တွေ့ဆုံနေတာဖြစ်ပါတယ်။

ချန်ပီယံလိဂ်ပြိုင်ပွဲတွေဟာ ယခုလမှာ ပြန်လည် ယှဉ်ပြိုင်ကစားသွားတော့မှာဖြစ်ပြီး ပါဝင်ယှဉ်ပြိုင်နေဆဲဖြစ်တဲ့ ၁၆ သင်းဟာ ရှုံးထွက်အဆင့်အတွက် လူစာရင်းအသင်းကို အတည်ပြုရတော့မှာ ဖြစ်ပါတယ်။ လီဗာပူးလ်အသင်းရဲ့ ၂၅ ဦးလူစာရင်းမှာ ဇန်နဝါရီ ကစားသမားခေါ်ယူမှုတွေဖြစ်တဲ့ ကိုဒီ ဂတ်ခ်ပိုနဲ့ ဒဏ်ရာကနေ ပြန်လည်သက်သာလာတဲ့ နာဘီ ကီးတားနဲ့ ချိန်ဘာလိန်တို့ ပါဝင်နိုင်တယ်ဆိုတဲ့ ကောလာဟလတွေ အများအပြား ထွက်ပေါ်နေခဲ့တာဖြစ်ပြီး Sporting News ရဲ့ ဖော်ပြချက်အရ အာသာနဲ့ ကယ်လ်ဗင် ရမ်ဆေးတို့ ၂ ဦးစလုံးဟာ ကလော့ပ်ရဲ့ ချန်ပီယံလိဂ်လူစာရင်းနဲ့ လွဲချော်ခဲ့တယ်လို့ သိရပါတယ်။

ဂျူဗင်တပ်ကနေ အငှားနဲ့ လာကစားနေတဲ့ အာသာ မယ်လိုဟာ ယခုရာသီမှာ ပြင်းထန်တဲ့ပေါင်ဒဏ်ရာကြောင့် လီဗာပူးလ်အတွက် ၁၃ မိနစ်သာ ပါဝင်ကစားပေးရသေးတာဖြစ်ပြီး ဂျူဗင်တပ်ကြယ်ပွင့်ဟာ လီဗာပူးလ်ရဲ့ ချန်ပိယံလိဂ်ပြိုင်ဘက် ရီးရဲလ်မက်ဒရစ်နဲ့ ယှဉ်ပြိုင်ကစားခဲ့ရာမှာ အနိုင်မှတ်တမ်းတွေ ပိုင်ဆိုင်ခဲ့တာ ဖြစ်ပါတယ်။ အာသာမယ်လိုဟာ ဘာစီလိုနာအသင်းမှာ ကစားခဲ့တဲ့ကာလအတွင်း ရီးရဲလ်မက်ဒရစ်နဲ့ ၅ ကြိမ်ရင်ဆိုင်ကစားခဲ့ရာမှာ ၃ ပွဲနိုင်၊ ၁ ပွဲသရေ၊ ၁ ပွဲရှုံးရလဒ်ပိုင်ဆိုင်ခဲ့တာ ဖြစ်ပြီး ကယ်လ်ဗင် ရမ်ဆေးကလည်း အဘာဒင်းကနေ ပြောင်းရွှေ့လာပြီးကတည်းက ဒဏ်ရာပြဿနာကြောင့် လီဗာပူးလ်ပထမအသင်းအတွက် ၂ ပွဲသာ ပါဝင်ကစားပေးထားရသေးတာဖြစ်ပါတယ်။

Share

Loading Next Article...
က္က