ဂန်းနားတွေဟာ ယခုရာသီ ဒုတိယမြောက်ရှုံးပွဲနဲ့ ရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။

ယနေ့ည ၇ နာရီမှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ အဲဗာတန်နဲ့ အာဆင်နယ်တို့ရဲ့ပွဲစဉ်မှာ ရှောင် ဒိုက်ချ်ရဲ့အသင်းဟာ အမှတ်ပေးဇယားဦးဆောင်သူတွေကို အံ့အားသင့်ဖွယ် အနိုင်ကစားနိုင်ခဲ့ပါတယ်။

အာဆင်နယ်အသင်းဟာ ပထမပိုင်းစတင်ချိန်ကတည်းက ဘောလုံးပိုင်ဆိုင်မှုအသာစီးရယူပြီး အိမ်ရှင်တွေကို ထိုးဖောက်တိုက်စစ်ဆင်ခဲ့ပါတယ်။ ပွဲကစားချိန် ၁၂ မိနစ်မှာ သောမတ်စ် ပါတေးရဲ့ ကိုက် ၃၀ အကွာက ဝိုက်ကန်ချက်ကို ပစ်ဖို့ဒ်ကာကွယ်နိုင်ခဲ့ပြီး ဒီပွဲစဉ်ရဲ့ ပထမဆုံး ဂိုးပေါက်ကန်သွင်းမှု ဖြစ်ခဲ့တာ ဖြစ်ပါတယ်။


အိမ်ရှင်အဲဗာတန်အသင်းဟာ ၂၂ မိနစ်မှာ ဂိုးရရှိဖို့ အခွင့်အရေးကောင်း ရရှိခဲ့ပြီး တာကောစကီးရဲ့ ခေါင်းတိုက်ချက်ကို ဝီလီယံ ဆာလီဘာက နောက်ထပ်တစ်ကြိမ် အရေးကြီးတဲ့ ကြားဝင်ကာကွယ်မှုပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ပထမပိုင်းမှာ နှစ်ဖက်စလုံး အပိုင်အခွင့်အရေးအချို့ရရှိခဲ့ကြပြီး အဲဗာတန်ဘက်က ဒိုကိုရေးရဲ့ ခေါင်းတိုက်ချက်က ဂိုးတိုင်ဘေး ဝိုက်ထွက်သွားခဲ့သလို ဆာကာရဲ့ မြေမကျဘောကန်သွင်းမှုကို ကိုဒီက ဂိုးစည်းပေါ်ကနေ ရှင်းထုတ်နိုင်ခဲ့တာဖြစ်ပါတယ်။

ဒုတိယပိုင်းမှာလည်း အာဆင်နယ်အသင်းကပဲ ဘောလုံးပိုင်ဆိုင်မှုအသာစီးနဲ့ ကစားနိုင်ခဲ့ပြီး ၅၉ မိနစ်မှာ နကီးတီးယားက ပင်နယ်တီဧရိယာထဲကို လိမ်ခေါက်ပြေးဝင်ပြီး အော်ဒီဂွါဒ်ကို ခင်းပေးခဲ့ပေမယ့်လည်း နော်ဝေကြယ်ပွင့်ရဲ့ ကန်ချက်က ဂိုးဘားတန်းပေါ် ကျော်သွားခဲ့တာဖြစ်ပါတယ်။ မိနစ် ၆၀ ဒွိုက် မက်နေးလ်က အဲဗာတန်အသင်းရဲ့ ထောင့်ကန်ဘောကို ကန်တင်ပေးခဲ့ရာမှာ တာကောစကီးက အော်ဒီဂွါဒ် ကပ်ထားတဲ့ကြားကနေ ခေါင်းတိုက်သွင်းယူနိုင်ခဲ့တာကြောင့် အဲဗာတန်တို့ ဦးဆောင်ဂိုး ရရှိသွားခဲ့တာဖြစ်ပါတယ်။

အာဆင်နယ်အသင်းဟာ လက်ကျန်ပွဲကစားချိန် မိနစ် ၃၀ မှာ ချေပဂိုး ရရှိဖို့အတွက် ရေကုန်ရေခမ်း ကြိုးပမ်းခဲ့ပေမယ့်လည်း ရှောင် ဒိုက်ချ်ရဲ့ အဲဗာတန်အသင်းက အလွန်ကောင်းမွန်တဲ့ ခံစစ်ကစားပုံနဲ့ ကြံ့ကြံ့ခံနိုင်ခဲ့တာကြောင့် ဂန်းနားတွေဟာ ယခုရာသီ ဒုတိယမြောက်ရှုံးပွဲနဲ့ ရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။

Share

Loading Next Article...
က္က