အာဂျင်တီးနားလက်ရွေးစင်ဂိုးသမား အီမီလီယာနို မာတီနက်ဇ်ဟာ ၂၀၂၂ ကမ္ဘာ့ဖလားဗိုလ်လုပွဲအပြီး အငြင်းပွားစရာဖြစ်ခဲ့တဲ့ ရွှေလက်အိတ်ဆုနဲ့ မဖွယ်မရာ အောင်ပွဲခံခဲ့မှုကို ကာကွယ်ပြောဆိုခဲ့ပြီး အသင်းခေါင်းဆောင် လီယွန်နယ် မက်ဆီက အဲဒီလုပ်ရပ်နဲ့ပတ်သက်ပြီး ဘာပြောခဲ့လဲဆိုတာကို ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
အာဂျင်တီးနားအသင်းဟာ ပြီးခဲ့တဲ့ဒီဇင်ဘာလလယ်က ကာတာမှာ ၂၀၂၂ ကမ္ဘာ့ဖလားကို ကိုင်မြှောက်နိုင်ခဲ့တာဖြစ်ပြီး တောင်အမေရိကအသင်းအတွက် အီမီလီယာနို မာတီနက်ဇ်က အဆုံးအဖြတ်အပေးနိုင်ဆုံးကစားသမားတွေထဲက တစ်ဦး ဖြစ်ခဲ့တာ ဖြစ်ပါတယ်။ အက်စတန် ဗီလာဂိုးသမားဟာ ပြင်သစ်နဲ့ ကစားခဲ့တဲ့ ဗိုလ်လုပွဲစဉ်မှာ အချိန်ပို နောက်ဆုံးမိနစ်မှာ ကိုလို မူအာနီရဲ့ အပိုင်ဂိုးသွင်းဃွင့်ကို ငြင်းပယ်ခဲ့မှုအပါအဝင် ပင်နယ်တီ အဆုံးအဖြတ်မှာလည်း ၂ ကြိမ်အထိ ကာကွယ်နိုင်ခဲ့တာဖြစ်ပြီး အာဂျင်တီနားအသင်းကို တတိယအကြိမ်မြောက် ကမ္ဘာ့ဖလားအောင်ပွဲရရှိအောင် ကူညီပေးနိုင်ခဲ့တာဖြစ်ပါတယ်။
ဆုပေးပွဲအခမ်းအနားအတွင်း မာတီနက်ဇ်ဟာ ကမ္ဘာ့ဖလားပြိုင်ပွဲတလျှောက် အကောင်းဆုံးဂိုးသမားကို ပေးအပ်တဲ့ ရွှေလက်အိတ်ဆုကို ပေးအပ်ခြင်းခံခဲ့ရပြီး အဲဒီဆုနဲ့အတူ အက်စတန် ဗီလာဂိုးသမားရဲ့ အောင်ပွဲခံဟန်ဟာ တကမ္ဘာလုံးမှာ ပွက်လောရိုက်သွားခဲ့တာဖြစ်ပါတယ်။ မာတီနက်ဇ်ဟာ ဆုလက်ခံရယူခဲ့ပြီးနောက် ရွှေလက်အိတ်ကို ပေါင်ခွကြားနားကို နှိမ့်ပြီး ပြင်သစ်ပရိသတ်တွေရှိတဲ့ဘက်ကို ကော့ပြခဲ့တာကြောင့် ကွင်းအတွင်းက ပရိသတ်တွေရော တကမ္ဘာလုံးက တိုက်ရိုက်ကြည့်ရှုနေတဲ့ ပရိသတ်တွေအားလုံးပါ အံ့အားသင့်ခဲ့ကြတာ ဖြစ်ပါတယ်။
ဒါပေမယ့်လည်း အီမီလီယာနို မာတီနက်ဇ်ဟာ ဒီလို အပြုအမူကို ပြုလုပ်ခဲ့တာဟာ ပထမဆုံးအကြိမ်မဟုတ်ဘဲ ၂၀၂၁ ကိုပါအမေရိကဖလားအောင်ပွဲမှာလည်း အကောင်းဆုံးဂိုးသမားဆုကို ရရှိခဲ့ပြီးနောက် အလားတူ အောင်ပွဲခံခဲ့ဖူးတာ ဖြစ်ပါတယ်။ ကမ္ဘာ့ဖလားရွှေလက်အိတ်ဆုနဲ့ အောင်ပွဲခံဟန်ကို ရှင်းလင်းခဲ့ရာမှာ အီမီလီယာနို မာတီနက်ဇ်က လီယွန်နယ် မက်ဆီကတောင် နောက်ထပ် အဲဒီလို အပြုအမူမျိုး ထပ်မလုပ်ဖို့ အကြံပေးခဲ့တယ်လို့ ထုတ်ဖော် ပြောကြားခဲ့ပါတယ်။
"ကျွန်တော့် အောင်ပွဲခံဟန်နဲ့ပတ်သက်ပြီး နောင်တရလားဆိုရင် ကျွန်တော် တူညီတဲ့ပုံစံအတိုင်း ထပ်မလုပ်တော့မယ့်အရာတွေ ရှိပါတယ်။ ကျွန်တော် ဘယ်သူတစ်ဦးတစ်ယောက်ကိုမှ နာကျင်အောင် မလုပ်ခဲ့ပါဘူး။ ကျွန်တော့် ကစားသမားဘဝတလျှောက်လုံးမှာ ပြင်သစ်ကလူတွေနဲ့ ကစားခဲ့ပြီး ဘာပြဿနာမှ မရှိခဲ့ဘူး။ ခင်ဗျား မယုံရင် ကျွန်တော်က ဘယ်လိုလူစားမျိုးလဲဆိုတာ ဂျီရူးကို မေးလို့ရပါတယ်။ ကျွန်တော် ပြင်သစ်ယဉ်ကျေးမှုနဲ့ စိတ်ဓာတ်ကို တကယ်နှစ်သက်ပါတယ်။ ကျွန်တော့်ရဲ့ အကောင်းဆုံးဂိုသမားဆုနဲ့ လုပ်ခဲ့တဲ့ အပြုအမူက ကျွန်တော့် အသင်းဖော်တွေနဲ့ ဟာသလုပ်ခဲ့တာပါ"
"ကျွန်တော် အဲဒါကို ကိုပါအမေရိကမှာတုန်းကလည်း လုပ်ခဲ့ဖူးပါတယ်။ သူတို့တွေအားလုံးက နောက်ထပ် အဲဒီလို မလုပ်ပါနဲ့လို့ ပြောခဲ့တယ်။ လီယိုကတောင် ကျွန်တော့်ကို အဲဒီလို ပြောပါတယ်။ ကျွန်တော် သူတို့အတွက် လုပ်ခဲ့တာပါ။ တစ်ခြားဘာမှမရှိပါဘူး။ အဲဒါက စက္ကန့်ပိုင်းလောက်ပဲကြာပြီး အဲဒါပါပဲ"လို့ ပြောကြားခဲ့ပါတယ်။