ပရီးမီးယားလိဂ်ဟာ ဝုလ်ဗ်စ်နဲ့ ဆောက်သမ်တန်တို့ ကစားခဲ့တဲ့ပွဲစဉ်မှာ အငြင်းပွားဖွယ် စည်းမျဉ်းသစ်နဲ့ မိတ်ဆက်ခဲ့ပြီး ဝုလ်ဗ်စ်ကွင်းလယ်ကစားသမားဟာ အံ့အားသင့်ဖွယ် ၂ ဝါ ၁ နီနဲ့ ထုတ်ပယ်ခြင်းခံခဲ့ရတာဖြစ်ပါတယ်။
စနေနေ့မှာ ဝုလ်ဗ်စ်ကွင်းလယ်ကစားသမား မာရီယို လီမီနာဟာ အသင်းဟောင်း ဆောက်သမ်တန်နဲ့ ရင်ဆိုင်ကစားခဲ့တဲ့ပွဲစဉ်မှာ ၂ ဝါ ၁ နီနဲ့ ထုတ်ပယ်ခြင်း ခံခဲ့ရပါတယ်။ တစ်ယောက်လျော့နေတဲ့ ဝုလ်ဗ်စ်ဟာ တန်းဆင်းဇုန် ပြိုင်ဘက်တွေကို နောက်ကနေ လိုက်ကစားပြီး ကြီးမားတဲ့ နိုင်ပွဲရရှိခဲ့ပေမယ့်လည်း လီမီနာရဲ့ဖြစ်စဉ်ဟာ မယုံနိုင်လောက်အောင် အငြင်းပွားစရာဖြစ်ခဲ့တာဖြစ်ပါတယ်။
ပထမအဝါကတ်တစ်ကတ် ကားလို့စ် အယ်လ်ကာရက်ဇ်ကို ပြစ်ဒဏ်ကျူးလွန်ခဲ့တာကြောင့်ဖြစ်ပေမယ့်လည်း ဒုတိယအဝါကတ်ကတော့ ဂါဘွန်လက်ရွေးစင်ကစားသမားက အလွတ်တည်ကန်ဘောပေးခြင်းမခံခဲ့ရတဲ့နောက် ဖြစ်စဉ်ကို ပြန်လည်သရုပ်ပြဖို့ ကြိုးပမ်းခဲ့ချိန်မှာ ထုတ်ပယ်ခံခဲ့ရတာ ဖြစ်ပါတယ်။ လီမီနာဟာ ဒိုင်လူကြီးရဲ့ ဆုံးဖြတ်ချက်ကို သဘောမတူခဲ့တဲ့ပုံပေါ်ခဲ့တဲ့အတွက် ဒုတိယအဝါကတ်ပြသခြင်းခံခဲ့ရတာဖြစ်ပေမယ့်လည်း ဝုလ်ဗ်စ်အသင်းခေါင်းဆောင် ရူဘင် နက်ဗက်စ်က ဂါဘွန်ကစားသမားဟာ ဒိုင်လူကြီးကို ဝန်းရံပြီး စောဒကတက်တဲ့ တတိယလူဖြစ်နေခဲ့တာကြောင့် အဝါကတ်ပြခံခဲ့ရတာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
"ဒိုင်လူကြီးက ကျွန်တော့်ကို ဘာပြောခဲ့လဲဆိုတာ ခင်ဗျား တကယ်သိချင်လား။ သူက ကစားသမား ၂ ဦး သူ့ဆီ ပြေးလာခဲ့တယ်လို့ ပြောခဲ့ပြီး မာရီယိုက တတိယလူဖြစ်နေတာကြောင့် သူ့ကို အဝါကတ်ပြား ပြသခဲ့တာတဲ့။ အဲဒီတော့ အခု ကျွန်တော်တို့ အဲဒီလို စည်းမျဉ်းရှိ၊ မရှိဆိုတာကို သွားပြီး စစ်ဆေးကြတာပေါ့"လို့ ပြောကြားခဲ့ပါတယ်။