ရီးရဲလ်မက်ဒရစ်အသင်းဟာ စနေနေ့မှာ ၎င်းတို့ရဲ့ အဓိကပြိုင်ဘက် ဘာစီလိုနာအသင်းက ဒိုင်လူကြီးတွေကို လွှမ်းမိုးဖို့ ကြိုးပမ်းခဲ့လို့ စွပ်စွဲခံထားရတဲ့ကိစ္စကို ဆွေးနွေးဖို့အတွက် တနင်္ဂနွေနေ့မှာ ဘုတ်အစည်းအဝေး ခေါ်ယူခဲ့တယ်လို့ သိရပါတယ်။
စပိန်အစိုးရရှေ့နေတွေက သောကြာနေ့မှာ ဘာစီလိုနာအသင်းကို စွဲချက်တင်ခဲ့တာဖြစ်ပြီး လာလီဂါကလပ်အသင်းရဲ့ ဥက္ကဌဟောင်း ၂ ဦးဟာ ပွဲရလဒ်ကို လွှမ်းမိုးနိုင်ဖို့အတွက် စီနီယာဒိုင်လူကြီးတစ်ဦး ပိုင်ဆိုင်တဲ့ ကုမ္ပဏီကို ငွေကြေးပေးချေမှုတွေ ပြုလုပ်ခဲ့တယ်လို့ စွပ်စွဲခံခဲ့ရတာဖြစ်ပါတယ်။ ဘာစီလိုနာအသင်းကတော့ ဘာအမှားမှ ပြုလုပ်ခဲ့တာမျိုးမရှိဘူးလို့ ပြောကြားခဲ့ပြီး ရီးရဲလ်မက်ဒရစ်အသင်းက ထုတ်ပြန်ကြေညာချက်ထဲမှာ ၎င်းတို့ရဲ့ ဥက္ကဌ ပီးရက်ဇ်က တနင်္ဂနွေနေ့ နေ့လယ် ၁၂ နာရီမှာ စွပ်စွဲခံထားရတဲ့ကိစ္စနဲ့ပတ်သက်ပြီး ရီးရဲလ်မက်ဒရစ်အသင်းက လျော်ကန်တယ်လို့ ယူဆတဲ့ လုပ်ဆောင်မှုတွေအပေါ်မှာ ဆုံးဖြတ်ဖို့အတွက် ဘုတ်အဖွဲ့အစည်းအဝေးခေါ်ယူခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။
ဘယ်လို လုပ်ဆောင်မှုမျိုးတွေ လုပ်ဆောင်နိုင်ခြေရှိလဲဆိုတာကိုတော့ မဖော်ပြထားဘဲ ဘာစီလိုနာ စီနီယာတာဝန်ရှိသူက သောကြာနေ့မှာ အစိုးရရှေ့နေတွေရဲ့ စွဲချက်တွေကို အသင်းက မျှော်လင့်ထားပြီးဖြစ်ပြီး ပဏာမစုံစမ်းစစ်ဆေးရေး ယူဆချက်ထက် မပိုဘူးလို့ ဖော်ပြခဲ့ပါတယ်။
ဘာစီလိုနာအသင်းတာဝန်ရှိသူက အသင်းအနေနဲ့ လိုအပ်တဲ့ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ရာမှာ အပြည့်အဝ ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ပြီး ဘယ်တုန်းကမှ ဒိုင်မဝယ်ခဲ့သလို ဘယ်ဒိုင်လူကြီးရဲ့ ဆုံးဖြတ်ချက်ကိုမှ လွှမ်းမိုးဖို့ ကြိုးပမ်းခဲ့ခြင်းမရှိဘူးလို့ ထပ်လောင်း ပြောကြားခဲ့ပါတယ်။