မန်ချက်စတာယူနိုက်တက်ကို ၇ ဂိုးသွင်းခဲ့တဲ့ လီဗာပူးလ်ဟာ တန်းဆင်းဇုန်က ဘုန်းမောက်နဲ့ အတွေ့မှာတော့ ခက်ခက်ခဲခဲကစားသွားခဲ့ရပါတယ်။ တန်းဆင်းရမယ့်အရေးရှိနေတဲ့ ဘုန်းမောက်က အိမ်ကွင်းမှာ ဖိဖိစီးစီးကစားသွားခဲ့ပြီး တသင်းလုံးက အင်အားအကုန်စိုက်ထုတ်ကာ ရမှတ်တွေပိုင်ဆိုင်ဖို့ကို အားကျိုးမာန်တက်ကစားသွားခဲ့လို့ ကလော့ပ်တယောက် စိုးရိမ်ခဲ့တဲ့အတိုင်းဖြစ်လာခဲ့ပါတယ်။
ဒီပွဲမတိုင်ခင်မှာ ဘုန်းမောက်ရဲ့ ရုန်းအားကို သတိထားဖို့ သူ့အသင်းသားတွေကို ကလော့ပ်က သတိပေးခဲ့ပါတယ်။ တကယ်လည်းပဲ ဘုန်းမောက်ရဲ့ ရုန်းအားက ကြောက်ဖို့ကောင်းခဲ့ကာ ပထမပိုင်းမှာပဲ လီဗာပူးလ်ကို ဦးဆောင်ဂိုးသွင်းကာ အသာစီးအခြေအနေကို ရယူခဲ့ပါတယ်။ လီဗာပူးလ်တိုက်စစ်ကတော့ ဂိုးတဂိုးရဖို့အတွက် မနည်းကန်ခဲ့ရပြီး အခွင့်အရေးတွေရခဲ့ပေမယ့် အသုံးမချနိုင်ခဲ့ပါဘူး။
ဒုတိယပိုင်းမှာ ဘုန်းမောက်ကစားသမားလက်နဲ့ထိလို့ ပင်နယ်တီရပေမယ့် ဆာလာကန်သွင်းရာမှာ ဂိုးပေါက်တောင်မတည့်ခဲ့ဘဲ လွဲချော်ခဲ့ပါတယ်။ ချေပဂိုးရဖို့အတွက် ကလော့ပ်က လူစားလဲမှုတွေ ဆက်တိုက်လုပ်ခဲ့ပေမယ့် ပြီးခဲ့တဲ့ပွဲတွေမှာ ခြေစွမ်းပြခဲ့တဲ့ ဒါဝင်နူနက်ဇ်၊ ဂက်ခ်ပိုတို့လည်း ဘာမှမလုပ်နိုင်ခဲ့ဘဲ ဖာမီနို၊ ဂျိုတာတို့ ဝင်လာကာ ရှိသမျှတိုက်စစ်အကုန်ထုတ်သုံးခဲ့ပေမယ့် ဂိုးကတော့ ဝေးကွာနေမြဲဖြစ်ခဲ့ရကာ ဘုန်းမောက်ခံစစ်ကို မကျော်နိုင်ခဲ့ပါဘူး။
ဘုန်းမောက်ကတော့ ခံစစ်ကို အားပြုခဲ့ပြီး တန်ပြန်တိုက်စစ်တွေနဲ့ ထပ်မံခြိမ်းခြောက်တာကလည်း လီဗာပူးလ်အတွက် တော်တော်လေးကို အန္တရာယ်များခဲ့ပါတယ်။ ပွဲချိန်နောက်ဆုံးမိနစ်တွေမှာ လီဗာပူးလ်က ဘောလုံးပိုင်ဆိုင်မှုအသာစီးရယူပြီး ဖိအားပေးနေခဲ့ပေမယ့် ဘုန်းမောက်ကတော့ အနိုင်ဂိုးကို ကောင်းကောင်းထိန်းနိုင်ခဲ့ကာ လီဗာပူးလ်ကို သောကတွေပေးနေခဲ့ပါတယ်။
ချေပဂိုးရဖို့အတွက် ခံစစ်ကစားသမားတွေပါ ကွင်းလယ်ထိတက်ပြီး လီဗာပူးလ်တို့ အားထုတ်ခဲ့ပေမယ့် ဘုန်းမောက်ရဲ့ ခပ်ကြမ်းကြမ်းဝင်၊ ခပ်ကြမ်းကြမ်းထွက်ပြီး ဖျက်ထုတ်တဲ့ကစားဟန်အောက်မှာ လိုချင်တဲ့ဂိုးရဖို့ကတော့ အလှမ်းဝေးခဲ့ရပါတယ်။ ကလော့ပ်တယောက်လည်း ကွင်းဘေးမှာ ပျာယာခတ်နေခဲ့ရပြီး နောက်ဆုံးမှာတော့ လီဗာပူးလ်တို့ ဘုန်းမောက်ကို ၁-၀နဲ့ အရေးနိမ့်ကာ ချန်ပီယံလိဂ်ဝင်ခွင့် မျှော်လင့်ချက်တွေ ရိုက်ချိုးခံခဲ့ရပါတော့တယ်။