အညာဒေသမှာ အလေ့ကျပေါက်တဲ့ အပင်ကရတဲ့ အရွက်လေးတွေကို ဆီလေးနည်းနည်းနဲ့သုပ်၊ ထနောင်းရွက်ကလေးတွေနဲ့ အုပ်မိုးထားတဲ့အရိပ်အောက်မှာ ရေနွေးကြမ်းပူပူ အညာအရွက်စုံ အထောင်းစုံတွေကို မြည်းစမ်းချင်တဲ့သူတွေအတွက် အညာတစ်ခေါက်ဆိုတဲ့ ဆိုင်လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီဆိုင်လေးကို ရောက်သွားရင် ဆိုင်ရဲ့ အပြင်အဆင်၊ အစားအစာလေးတွေက အညာဒေကိုလွမ်းနေသူတွေအတွက်တော့ တကယ့်ကို အရသာတွေ့စေပြီး ဆွဲဆောင်မှုအပြည့်ရှိစေမှာပါ။
ခရီးသွားလုပ်ငန်းလုပ်ကိုင်သူတိုးဂိုက်တစ်ဦးရဲ့ အညာတစ်ခေါက်ဖန်တီးမှု
ဒီအညာတစ်ခေါက်ဆိုတဲ့ဆိုင်လေးကို ဖန်တီးသူကတော့ ခရီးသွားလုပ်ငန်းလုပ်ကိုင်သူ ဂျာမနီတိုးဂိုက်တစ်ဦးဖြစ်တဲ့ မသိမ့်ဆိုသူဖြစ်ပါတယ်။ ကိုဗစ်တွေဖြစ်ချိန်ကစလို့ ခရီးသွားလုပ်ငန်းများရပ်တန့်ချိန်မှာ သူသွားခဲ့ဖူးတဲ့ ပုဂံဒေသ၊ အညာဒေသကို လွမ်းတဲ့စိတ်အပြင် သဘာဝတရားက ရတဲ့ အရာတွေနဲ့ စားသုံးသူတွေကို ဖန်တီးပေးချင်တဲ့စိတ်နဲ့ အညာတစ်ခေါက်ဆိုင်လေးကို စတင်ဖြစ်ခဲ့တာလို့ ဆိုပါတယ်။
“ ကျွန်မက ဂျာမန်တိုးဂိုက်အဖြစ်လုပ်ကိုင်တယ်။ ကိုဗစ်ဖြစ်တော့ ခရီးသွားလုပ်ငန်းတွေ ပျက်ပြားတော့ မထင်မှတ်ဘဲ ဒီအလုပ်လေးကို စဖြစ်တာပါ။ မနက်ဆို တောင်ဥက္ကလာ (၁၀) ဈေးမှာ ကားလေးနဲ့ စရောင်းတယ်။ ပုဂံကိုလွမ်းတော့ အညာစာလေးတွေရောင်းကြည့်မယ်။ သက်ကြီးသက်လတ်ပိုင်းတွေအတွက် ကျန်းမာရေးနဲ့ညီညွှတ်တဲ့သဘာဝတရားက ရတဲ့ အလေ့ကျပေါက်ပင်တွေကို ဆီနည်းနည်းနဲ့ အသုပ်လေး၊ အထောင်လေးတွေ လုပ်ပြီးစရောင်းကြည့်တာပါ” လို့ အညာတစ်ခေါက်ဆိုင်ရဲ့ ဖန်တီးရှင် မသိမ့်က ဆိုပါတယ်။
အညာဒေသက အလေ့ကျပေါက်ပင်တွေနဲ့ အထောင်း၊အသုပ်စုံရမယ့်ဆိုင်လေး
ဒီဆိုင်လေးရဲ့ အထူးခြားဆုံးကတော့ ရန်ကုန်မှာလုံးဝမရနိုင်တဲ့ အညာဒေသတွေမှာသာရနိုင်တဲ့ သဘာဝအလေ့ကျပေါက်ပင်တွေကရတဲ့ အရွက်တွေကို အထောင်းနဲ့ အသုပ်စုံလုပ်ပြီး ပြုလုပ်ရောင်းချတာပါ။ အညာဒေသမှာ ရာသီအလိုက်ပေါက်လေ့ရှိတဲ့ လက်ပံပွင့်၊ ထနောင်းရွက်၊ငါးရံပတူ၊ မြူရွက်၊ ညောင်ချဉ်ပေါင်း၊ မန်ကျည်းရွက်စတဲ့ အရွက်တွေကို အထောင်းနဲ့ အသုပ်မျိုးစုံပြုလုပ်ပြီးရောင်းချတာက တကယ့်ကို ထူးခြားတဲ့ အရာပါပဲ။
“ အညာတစ်ခေါက်မှာ အညာဒေသမှာပဲရနိုင်တဲ့ မန်ကျည်းရွက်ထောင်း၊ ပုန်းရည်ကြီးကျော်၊ ညောင်ချဉ်ဖူးသုပ်၊ထနောင်းရွက်ထောင်း အစရှိသဖြင့် ဟင်းသီးဟင်းရွက် ရာသီပေါ်စာလေးတွေကိုပဲ အထောင်းလေးတွေ အသုပ်လေးတွေလုပ်ပြီးရောင်းတာပါ။ " လို့ ဆိုပါတယ်။
ရာသီပေါ်စာလေးတွေကို ဥပေက္ခာမပြုစေချင်တဲ့ အညာတစ်ခေါက်ဖန်တီးသူရဲ့ ဆန္ဒ
အညာတစ်ခေါက်မှာ ရနိုင်တဲ့အစားအစာလေးတွေက ကျန်းမာရေးနဲ့ညီညွှတ်စေပြီး ဓာတုဆေးဆိုးတွေ လုံးဝမပါ တကယ့်ကို အော်ဂဲနစ်ဖြစ်စေတဲ့ သဘာဝအတိုင်းအလေ့ကျပေါက်တဲ့အပင်တွေနဲ့သာ ဖန်တီးဖြစ်တာက ရာသီပေါ်စာတွေကို အမှတ်တမဲ့ မပြုစေချင်တဲ့ စိတ်ကြောင့်လို့ဆိုပါတယ်။ ဒီနေ့ခေတ်မှာ အရသာလွန်ကဲစေတဲ့ ယိုးဒယားထောင်း၊ မာလာရှမ်းကော စတဲ့အစားအစာတွေရဲ့ အစားထိုးဝင်ရောက်မှုကြောင့် ရာသီပေါ် သီးနှံ၊အရွက်တွေကိုလည်း အစားအစာအဖြစ် စားလို့ရနိုင်တယ်ဆိုတဲ့ အသိလေး ရှိစေချင်တာကြောင့်လို့လည်းဆိုပါတယ်။
“ ပတ်ဝန်းကျင်မှာ သဘာဝကပေးတဲ့အရွက်တွေအများကြီးပဲ။တစ်ချို့ဆို စိန်ပန်းရွက်၊ သရက်နုရ္ပက်၊ကောက်ရိုးနွယ်ဆိုလည်း လယ်ကွင်းနားမှာ ပေါက်တာ၊ လယ်ပတူရွက်လေးတွေ ဒါလေးတွေက သဘာဝအတိုင်းပေါက်နေကြတာ၊ ဒါတွေကို လူတွေက အမှတ်တမဲ့နဲ့ သတိမိထားမိကြဘူး။ ဒါကြောင့်မို့ ရာသီပေါ်စာလေးတွေကို ဥပေက္ခာမပြုစေချင်တဲ့စိတ်နဲ့ ကျန်းမာရေးနဲ့ညီညွတ်မယ့်အရာလေးတွေကို ရောင်းချဖြစ်တာပါ။ လူဆိုတာ ချို၊ခါး၊ ဆိမ့်၊ သက် စတဲ့အရသာတွေက စားပေးရတယ်။ ချိုတယ်ဆိုလည်း သကြားတွေနဲ့ ချိုတာမဟုတ်ဘဲ သဘာဝအတိုင်းက ရတဲ့ အရသာနဲ့ချိုစေတာပေါ့။ အခါးဓာတ်ဆိုတာလည်းလိုအပ်တယ်လေ။ အထူးသဖြင့် သက်ကြီး၊ သက်လက်ပိုင်းတွေဆို ဒီလိုအစားအစာတွေကို စားပေးသင့်နေပြီ“ လို့ ဆိုပါတယ်။
အညာတစ်ခေါက်မှာ ရနိုင်တဲ့အစားအစာနဲ့ ဈေးနှုန်း
ဒီဆိုင်လေးမှာ အညာအထောင်းစုံနဲ့ ဖက်ထမင်းသုပ်၊ ခိုတောင်မုန့်တီသုပ်၊ မြူရွက်ထောင်း/သုပ်၊ ညောင်ချဉ်ဖူးထောင်း/သုပ်၊ ထနောင်းရွက်ထောင်း/သုပ်၊ သခွပ်ပွင့်ထောင်း/သုပ်၊ လက်ပံပွင့်ထောင်း၊ ကောက်ရိုးနွယ်ထောင်း/သုပ် ၊ လက်ပတူတောင်း/သုပ်၊ ငါးရံ့ပတူရွက်ထောင်း/သုပ်၊ မုန်လာဥနီထောင်း/သုပ်၊ ကန်စွန်းရိုးနီထောင်း/သုပ်၊ မန္တလေးမြီးရှည်နဲ့ မန္တလေးနန်းကြီးသုပ်တို့ဖြစ်ပါတယ်။ ဈေးနှုန်းတွေကတော့ တစ်ပွဲကို ၁၂၀၀ ကျပ်မှ အများဆုံး ၂၀၀၀ ကျပ်အထိသာဖြစ်တာကြောင့် တကယ့်ကို ပေးရတဲ့ဈေးနဲ့ တန်လွန်းမကတန်တဲ့ဆိုင်လေးဖြစ်ပါတယ်။ အညာအထောင်းစုံနဲ့ ဖက်ထမင်းသုပ်မှာ အထောင်း (၈) မျိုးခန့်ပါဝင်ပြီး စားသုံးသူတွေအမှာအများဆုံး အစားအစာတစ်ခုဆိုရင်လည်းမမှားပါဘူး။ အရာရာကျပ်တည်းနေတဲ့ခေတ်ကာလမှာ စားသုံးသူတွေအဆင်ပြေအောင် ဈေးနှုန်းကို အမြတ်အစွန်းနည်းနည်းနဲ့သာရောင်းချပေးတာဖြစ်တယ်လို့ ဆိုပါတယ်။
“ တစ်ဖက်မှာလူတွေက ကျပ်တည်းနေတော့ အစ်မက အမြတ်ကို ၁၀၀၊ ၂၀၀ နဲ့ပဲ ယူပြီးရောင်းပေးပါတယ်။ မနက်ဆို (၁၀) ဈေးရှေ့မှာ ကားလေးနဲ့ရောင်းတယ်။ ဆိုင်ကတော့ မနက် (၁၁) နာရီလောက်ကနေပြီး စရောင်းပေးပါတယ်။ အစ်မဆိုင်မှာ သုံးတဲ့ပစ္စည်းတွေကိုလည်း Recycle ပစ္စည်းလေးတွေနဲ့ပဲ ဖန်တီးတယ်။ ဆိုင်မှာသုံးတဲ့အသုံးအဆောင်ပစ္စည်းတွေကိုတော့ ဝါး၊ သစ်သားစတာတို့နဲ့ပဲအသုံးပြုတယ်။တကယ့်ကို သဘာဝတရားရဲ့ အလှကိုပေးစွမ်းတာပေါ့နော်။ သဘာဝကပေးတဲ့ ရာသီပေါ်စာလေးတွေနဲ့ လူတွေအတွက်လည်း အကျိုးရှိမယ်၊ကိုယ်လည်း အမြတ်လေးနည်းနည်းပဲရမယ်ဆိုပြီးတော့ပဲ ရည်ရွယ်ထားတာပါ။
အညာတစ်ခေါက်ဆိုင်လေးကို လှမ်းလာချင်သူများအတွက်
အညာတစ်ခေါက်ဆိုင်လေးကို အားပေးချင်တဲ့သူတွေအတွက် မနက်(၇) နာရီလောက်မှာတော့ တောင်ဥက္ကလာပမြို့နယ် (၁၀) ဈေးရှေ့မှာ ကားလေးနဲ့ လှည့်ရောင်းတာဖြစ်ပြီး အိမ်ဆိုင်လေးကတော့ တောင်ဥက္ကလာပမြို့နယ်၊ ဇေယျာ (၁၆) လမ်း ၊ အိမ်အမှတ် ၉၈၇ ဖြစ်ပါတယ်။ ဒါကြောင့်မို့ အညာဒေသ အစားအစာလေးတွေကို အညာဓလေ့အတိုင်း မြည်းစမ်းချင်သူတွေအတွက် ဒီအညာတစ်ခေါက်ဆိုင်လေးက အထူးသင့်လျော်မှာဖြစ်တာကြောင့် ညွှန်းပေးလိုက်တာဖြစ်ပါတယ်။