ဘရိုက်တန် ကြယ်ပွင့်တိုက်စစ်မှူး အီဗန် ဖာဂူဆန်ဟာ မန်ချက်စတာယူနိုက်တက်ကို ပြောင်းရွှေ့ဖို့ အခွင့်အရေးကို ငြင်းပယ်သွားဖို့ ပြင်ဆင်နေပုံပေးတယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။
အဲရစ် တန်ဟက်ဟာ ယခုလာမယ့်နွေရာသီမှာ ထိပ်တန်းတိုက်စစ်မှူးတစ်ဦး ခေါ်ယူချင်နေတာဖြစ်ပြီး ဖာဂူဆန်က ၎င်းရဲ့ ပစ်မှတ်ထဲမှာ ပါဝင်နေတာ ဖြစ်ပါတယ်။ အသက် ၁၈ နှစ်အရွယ် တိုက်စစ်မှူးဟာ ယခုရာသီမှာ ကလပ်အသင်းနဲ့ နိုင်ငံအသင်းအတွက် သွင်းဂိုး ၈ ဂိုး သွင်းယူပေးထားပြီး ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က လတ်ဗီးယားနဲ့ ကစားခဲ့တဲ့ပွဲစဉ်မှာ ပထမဆုံး လက်ရွေးစင်ကစားသမားဘဝ ပွဲထွက်ပါဝင်ကစားခွင့် ရရှိခဲ့ရာမှာ ဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။
ပြီးခဲ့တဲ့အပတ်က အလားအလာ ကောင်းမွန်တဲ့ စွမ်းဆောင်ရည်ကို ပြသနိုင်ခဲ့ပြီးနောက် ဖာဂူဆန်ဟာ ကမ္ဘာ့ဖလားဗိုလ်လုပွဲအထိ တက်ရောက်နိုင်ခဲ့တဲ့ ပြင်သစ်နဲ့ ယှဉ်ပြိုင်ကစားရမယ့် ယနေ့ညပွဲစဉ်မှာ ပိုမိုကြီးမားတဲ့ အကျိုးသက်ရောက်မှု ပြသနိုင်ဖို့ မျှော်လင့်နေမှာ ဖြစ်ပါတယ်။
မန်ချက်စတာယူနိုက်တက်အသင်းကလည်း ဆယ်ကျော်သက် တိုက်စစ်မှူးရဲ့ ပြင်သစ်နဲ့ ပွဲစဉ်က ခြေစွမ်းကို ကြည့်ရှုဖို့ ကင်းထောက်တွေ စေလွှတ်သွားမှာဖြစ်တယ်လို့ The Sun က ဖော်ပြခဲ့ပါတယ်။ ခေါ်ယူချင်တဲ့ အသင်းတွေက တံခါးလာခေါက်နေပြီဖြစ်ပေမယ့်လည်း ဖာဂူဆန်က ကမ်းလှမ်းမှုအားလုံးကို ငြင်းပယ်သွားမှာဖြစ်တယ်လို့ သတင်းတွေက ဖော်ပြခဲ့ပြီး ပထမအသင်း ပွဲထွက်ခွင့် ပုံမှန်ရရှိဖို့ အခွင့်အရေးပိုမိုရှိတဲ့ ဘရိုက်တန်မှာပဲ ဆက်နေတာ ပိုကောင်းမယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။
ဖာဂူဆန်ဟာ မန်ချက်စတာယူနိုက်တက်က ပရိသတ်အဖြစ်နဲ့ ကြီးပြင်းခဲ့ပြီး ဒန်နီ ဝဲလ်ဘက်ခ်ကို အပတ်တိုင်း ကြည့်ရှုနေကျဖြစ်တယ်လို့ ပြီးခဲ့တဲ့နှစ် ဇန်နဝါရီလတုန်းက အင်တာဗျူးမှာ ပြောကြားခဲ့ပေမယ့် လက်ရှိမှာတော့ ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ သရဲနီတွေကို အံ့အားသင့်ဖွယ် ငြင်းပယ်သွားဖို့ ပြင်ဆင်နေတာဖြစ်ပါတယ်။