အာဆင်နယ်ကြယ်ပွင့် ဘူကာယို ဆာကာက လီယွန်နယ် မက်ဆီနဲ့အတူ ကမ္ဘာ့အကောင်းဆုံးကစားသမားဖြစ်တယ်လို့ ဂန်းနားဂန္တဝင် တိုနီ အဒမ်က ပြောကြားခဲ့ပါတယ်။
ဆာကာဟာ ယခုရာသီမှာ အာဆင်နယ်အတွက် ပရီးမီးယားလိဂ် သွင်းဂိုး ၁၂ ဂိုး၊ ဂိုးဖန်တီးမှု ၁၀ ကြိမ်အထိ ပြုလုပ်ပေးထားသူဖြစ်ပြီး ဂန်းနားတွေ အမှတ်ပေးဇယားထိပ်ဆုံးမှာ ရပ်တည်နေနိုင်ရတဲ့ အကြောင်းအရင်းတွေထဲက တစ်ခုလည်း ဖြစ်ပါတယ်။ အသက် ၂၁ နှစ်အရွယ် တောင်ပံကြယ်ပွင့်ဟာ ကစားသမားဘဝတလျှောက် အကောင်းဆုံးပုံစံကို ရရှိနေသူဖြစ်ပြီး ယခုလမှာ သွင်းဂိုးနဲ့ ဂိုးဖန်တီးမှု ကိန်းဂဏန်း ၂ လုံးထိ ရောက်ရှိတဲ့ ပထမဆုံး ပရီးမီးယားလိဂ်ကစားသမားဖြစ်လာခဲ့တာဖြစ်ပြီး ယူကရိန်းကို ဝင်ဘလေမှာ အနိုင်ရခဲ့တဲ့ပွဲစဉ်အတွင်းမှာလည်း အံ့အားသင့်ဖွယ် ကန်ချက်နဲ့ ဂိုးသွင်းယူပေးခဲ့တာဖြစ်ပါတယ်။
ဆာကာရဲ့ အလွန်ကောင်းမွန်တဲ့ ခြေစွမ်းကြောင့် အာဆင်နယ်ဂန္တဝင် တိုနီ အဒမ်က အင်္ဂလန်တောင်ပံကစားသမားကို ပီအက်စ်ဂျီကြယ်ပွင့်တိုက်စစ်မှူး လီယွန်နယ် မက်ဆီနဲ့တောင် နှိုင်းယှဉ်ချီးကျူးခဲ့တာ ဖြစ်ပါတယ်။ တိုနီ အဒမ်က အသက် ၂၁ နှစ်အရွယ် ကစားသမားဟာ ဘလွန်ဒေါ ၇ ဆုရှင်အပြင် ကမ္ဘာဘောလုံးလောကမှာ အကောင်းဆုံးကစားသမားဖြစ်တယ်လို့ ယုံကြည်နေတာ ဖြစ်ပါတယ်။
"အခုအချိန် ကမ္ဘာ့ဘောလုံးလောကမှာ ပိုမိုကောင်းမွန်တဲ့ကစားသမား၊ သွင်းဂိုးတွေရော ဂိုးဖန်တီးမှုပါ ပြုလုပ်နိုင်တဲ့ တစ်စုံတယောက်ဆိုရင် ကျွန်တော့်အတွေးထဲမှာ လီယွန်နက် မက်ဆီ တစ်ယောက်ပဲ ရှိပါတယ်။ ဘူကာယိုက လုံးဝကို အကောင်းဆုံးပုံစံရနေပြီး အာဆင်နယ် အမှတ်ပေးဇယားထိပ်ဆုံးမှာ ရှိနေရတဲ့ အကြောင်းအရင်းပါ။ ဟာလန်းက မန်စီးတီးအတွက် ဂိုးတွေ ရာချီသွင်းရင် သွင်းနိုင်တယ်။ ရက်ရှ်ဖို့ဒ်ကလည်း ယူနိုက်တက်အတွက် ထူးခြားဆန်းကြယ်တဲ့ရာသီကို ပိုင်ဆိုင်ကောင်း ပိုင်ဆိုင်နေနိုင်တယ်။ ဒါပေမယ့်ဆာကာက တစ်နှစ်တာအကောင်းဆုံးဘောလုံးသမားပါ။ ဘာလို့လဲဆိုတော့ သူကကမ္ဘာ့ဖလားမှာအင်္ဂလန်ရဲ့ အကောင်းဆုံးကစားသမားဖြစ်ခဲ့လို့ပါ"
"သူက ပရီးမီးယားလိဂ်အမှတ်ပေးဇယားထိပ်ဆုံးမှာ ၈ မှတ်ဖြတ်ဦးဆောင်နေတဲ့အသင်းအတွက် အကောင်းဆုံးကစားသမားဖြစ်နေခဲ့လို့ပါ"လို့ ပြောကြားခဲ့ပါတယ်။