ရော်နယ်ဒိုရဲ့ ပရိသတ်တွေကို တုံ့ပြန်သွားခဲ့တာပါ။

ပြင်သစ်လက်ရွေးစင်ကစားသမားဟောင်းကြီး ဖရန့်လီဘော့ဖ်ကတော့ ရော်နယ်ဒိုပရိသတ်တွေကို ပွဲဆူအောင် ဖန်တီးလိုက်ပြန်ပါပြီ။ ပြင်သစ်နဲ့အတူ ကမ္ဘာ့ဖလားကို ဆွတ်ခူးနိုင်ခဲ့တဲ့ လီဘော့ဖ်က တွစ်တာမှာ ရော်နယ်ဒိုရဲ့ ပရိသတ်တွေနဲ့ အပြန်အလှန်စကားများနေခဲ့ပြီး ပေါ်တူဂီကစားသမားရဲ့ မဟာအားနည်းချက်ကြီးကို ထောက်ပြကာ တုံ့ပြန်သွားခဲ့တာဖြစ်ပါတယ်။ 



စကော့တလန်က စပိန်ကို ၂-၀ နဲ့ အံ့အားသင့်ဖွယ်ရာအနိုင်ရခဲ့တဲ့ပွဲအပြီးမှာ ESPN ကတဆင့် လီဘော့ဖ်က "စကော့မက်တော်မီနေးက အခုဆိုရင် ယူရို ၂၀၂၄ ခြေစစ်ပွဲမှာ ရော်နယ်ဒိုထက် ဂိုးပိုသွင်းထားတယ်" လို့ ပြောဆိုခဲ့ပါတယ်။ ဒါကို ESPN က ပြန်လည်ရေးသားကာ ဖော်ပြခဲ့ချိန်မှာတော့ ဒီ tweet ကို ပရိသတ်တွေက တော်တော်လေးဒေါသထွက်ခဲ့ကြပြီး တုံ့ပြန်ရေးသားမှုတွေ လုပ်ခဲ့ရာမှာ ESPN ရဲ့ အစီအစဉ်တင်ဆက်သူအဖြစ် ပါဝင်ခဲ့တဲ့ လီဘော့ဖ်ကိုပါ မက်ဆေ့ချ်တွေ ပေးပို့ခဲ့ကြပြီး ပြင်သစ်ကစားသမာဟောင်းက ပြန်လည်တုံ့ပြန်ခဲ့တာပါ။ 



လီဘော့ဖ်က "ကျနော့်ကို မင်းက ငတုံးဆိုပြီး ပြောဖူးတဲ့ လူနှစ်ယောက်ရှိခဲ့ပါတယ်၊ ကျနော်က ဘာမှနားမလည်ပါဘူးလို့လည်း ပြောတယ်၊ ရော်နယ်ဒိုက ESPN က ပွဲအစီအစဉ်တင်ဆက်သူတွေကို ဘောလုံးအကြောင်း ဘာမှနားမလည်ဘူးလို့ ပြသတယ်လို့လည်း ပြောတယ်၊ ဘာလို့လဲဆိုတော့ သူ ဂိုးသွင်းယူနိုင်ခဲ့ပြီး သူက ထူးချွန်ထက်မြက်ပါတယ်၊ ကျနော်က ရော်နယ်ဒိုရဲ့ အဆင့်မျိုး ဘယ်တုန်းကမှ မရှိခဲ့ဖူးပါဘူး၊ သူ့လိုအဆင့်မျိုးလည်း မရောက်ဖူးပါဘူးဆိုပြီးတော့ လာပြောသွားတယ်"

"ပြီးတော့ ကျနော်ပြောမယ်၊ မင်းသိလား၊ မင်းပြောတာမှန်ပါတယ်၊ ငါက ရော်နယ်ဒိုရဲ့ အဆင့်အတန်းမျိုးမရှိခဲ့ပါဘူး၊ ငါ ကမ္ဘာ့ဖလားတော့ ရယူနိုင်ခဲ့တယ်၊ သူကတော့ မရယူနိုင်ခဲ့ဘူး" လို့ ဗီဒီယိုဖိုင်နဲ့ ပြန်လည်ပြောဆိုခဲ့ကာ ဒီရုပ်သံဖိုင်ကို ESPN UK ကလည်း တွစ်တာမှာ ဖော်ပြခဲ့ပါတယ်။ ​

ရော်နယ်ဒိုဟာ ကစားသမားဘ၀မှာ ရယူနိုင်ချေရှိတဲ့ ဆုဖလားအားလုံးကို ဆွတ်ခူးနိုင်ခဲ့ပေမယ့်လည်း ကမ္ဘာ့ဖလားကိုတော့ မရယူနိုင်သေးတာဖြစ်ပါတယ်။ ဒါက သူ့ရဲ့ တခုတည်းသာ ဆုဖလားလစ်ဟာမှုဖြစ်ပြီး လီဘော့ဖ်ကတော့ သူ ရော်နယ်ဒိုလောက်မကောင်းပေမယ့် ကမ္ဘာ့ဖလားတော့ ရခဲ့တယ်လို့ သူ့ပရိသတ်တွေကို တုံ့ပြန်သွားခဲ့တာဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က