အသက် ၂၉ နှစ်အရွယ် တိုက်စစ်မှူးဟာ လိဂ်ပွဲ ၁၆ ပွဲမှာ သွင်းဂိုး ၁၆ ဂိုးအထိ သွင်းယူပေးထားတာဖြစ်ပါတယ်။

အယ်လ်နာဆာကြယ်ပွင့် အန်ဒါဆန် တာလစ်စ်ကာက ခရစ္စတီယာနို ရော်နယ်လ်ဒိုနဲ့ ပြဿနာဖြစ်ခဲ့တဲ့ကိစ္စကနေ ရှေ့ဆက်နိုင်ခဲ့ပြီးနောက် အသင်းနဲ့ ကာလရှည် စာချုပ်သစ် ချုပ်ဆိုလိုက်ပြီဖြစ်ပါတယ်။

အယ်လ်နာဆာအသင်းဟာ ပြီးခဲ့တဲ့နှစ်ကုန်မှာ ခရစ္စတီယာနို ရော်နယ်လ်ဒိုကို ခေါ်ယူနိုင်ခဲ့ပြီးကတည်းက တကမ္ဘာလုံးရဲ့ အာရုံစိုက်မှုကို ခံခဲ့ရတာဖြစ်ပြီး ပေါ်တူဂီကြယ်ပွင့်ဟာ ယခုရာသီ ၎င်းတို့ရဲ့ အရေးအပါဆုံး ကစားသမားမဟုတ်ခဲ့တာက အချို့အတွက် အံ့အားသင့်စရာဖြစ်ခဲ့မှာ ဖြစ်ပါတယ်။

 

အယ်လ် နာဆာအသင်းအတွက် အရေးအပါဆုံးကစားသမားဟာ ဘရာဇီးလ်တိုက်စစ်မှူး တာလစ်စ်ကာဖြစ်ပြီး ၂၀၂၁ ခုနှစ်မှာ ဆော်ဒီ အာရေဗျကလပ်ကို ပြောင်းရွှေ့လာခဲ့ပြီးနောက် ပထမဆုံးရာသီမှာ သွင်းဂိုး ၂၀ အထိ အထင်ကြီးဖွယ်သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။ယခုရာသီမှာလည်း တာလစ်စ်ကာက အယ်လ်နာဆာအသင်းရဲ့ ထိပ်တန်းဂိုးသွင်းရှင်အဖြစ် ရပ်တည်နေပြီး အသက် ၂၉ နှစ်အရွယ် တိုက်စစ်မှူးဟာ လိဂ်ပွဲ ၁၆ ပွဲမှာ သွင်းဂိုး ၁၆ ဂိုးအထိ သွင်းယူပေးထားတာဖြစ်ပါတယ်။

 

ခရစ္စတီယာနို ရော်နယ်လ်ဒိုကလည်း ၉ ပွဲသာ ပါဝင်ကစားပေးထားချိန်မှာ သွင်းဂိုး ၁၁ ဂိုးအထိ သွင်းယူထားနိုင်ခဲ့တာဖြစ်ပြီး တာလစ်စ်ကာက မန်ယူနိုက်တက်တိုက်စစ်မှူးဟောင်း အီဂါလိုနဲ့အတူ ယခုရာသီ ဆော်ဒီ ပရိုလိဂ်ရဲ့ ထိပ်တန်းဂိုးသွင်းရှင်အဖြစ် ရပ်တည်နေတာဖြစ်ပါတယ်။

 

လက်ရှိမှာတော့ ဘရာဇီးလ်တိုက်စစ်မှူးဟာ အင်္ယနာဆာနဲ့ ၂၀၂၆ ခုနှစ်အထိ စာချုပ်သစ် ချုပ်ဆိုလိုက်ပြီဖြစ်ပြီး လူမှုကွန်ရက်ပေါ်မှာ ဇာတ်လမ်း ဆက်မည်လို့ ရေးသားပြီး ကြေညာခဲ့တာ ဖြစ်ပါတယ်။ တာလစ်စ်ကာအနေနဲ့ ၎င်းရဲ့ အလွန်ကောင်းမွန်နေတဲ့ ခြေစွမ်းနဲ့အတူ ခရစ္စတီယာနို ရော်နယ်လ်ဒိုလို ကစားသမားမျိုးနဲ့ အပတ်တိုင်းလေ့ကျင့်ရေးပြုလုပ်ရတဲ့ ထူးခြားတဲ့အခွင့်အရေးကြောင့် အယ်လ်နာဆာမှာ ဆက်နေချင်တာ သဘာဝကျပါတယ်။

 

ဒါပေမယ့်လည်း ဒီရာသီအစောပိုင်းတုန်းက ရော်နယ်လ်ဒိုက အယ်လ်နာဆာအတွက် ပထမဆုံးသွင်းဂိုးကို သွင်းယူသွားခဲ့ချိန်မှာ တာလစ်စ်ကာနဲ့ ပေါ်တူဂီကြယ်ပွင့်တို့ဟာ အဆင်မပြေဖြစ်ခဲ့ကြတာကြောင့် စိုးရိမ်မှုတွေ ရှိခဲ့တာဖြစ်ပါတယ်။ ရော်နယ်လ်ဒိုရဲ့ ပထမဆုံးသွင်းဂိုးဟာ ပင်နယ်တီကနေတဆင့် သွင်းယူနိုင်ခဲ့တာဖြစ်ပေမယ့်လည်း အသက် ၃၈ နှစ်အရွယ် တိုက်စစ်မှူးက ၎င်းရဲ့ထက် ငယ်ရွယ်တဲ့အသင်းဖော်ဆီကနေ ဘောလုံးကို ယူပြီး ကန်သွင်းခဲ့တာဖြစ်ပါတယ်။

 

အဲဒီလုပ်ရပ်ကြောင့် တာလစ်စ်ကာဟာ မကျေမနပ်ဖြစ်ခဲ့မယ်ဆိုတာ မပြောလည်း သိနိုင်မှာဖြစ်ပြီး ပွဲအပြီးမှာ ရော်နယ်လ်ဒိုရဲ့ အင်စတာဂရမ်ပို့စ်မှာ ပေါ်တူဂီကြယ်ပွင့်ကို ဒေါသကြီးတဲ့လူလို့ ခေါ်ဝေါ်ခဲ့တာဖြစ်ပါတယ်။

 

အယ်လ် နာဆာပရိသတ်တွေအတွက် ကျေးဇူးတင်စရာကောင်းတာက အခုအချိန်မှာ အားလုံးက အဆင်ပြေပြေဖြစ်နေပြီဖြစ်ပုံပေါ်ပြီး ရာသီကုန်ဖို့ ၈ ပွဲသာ လိုတော့ချိန်မှာ အယ်လ်နာဆာအသင်းက အယ်လ် အစ်တီဟတ်နဲ့ ၁ မှတ်အကွာ ဒုတိယနေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။

Share

Loading Next Article...
က္က