ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ အီလွန်မက်စ်ရဲ့ မူဝါဒအပြောင်းအလဲ အသက်ဝင်ခဲ့ပြီးနောက် တွစ်တာပေါ်မှာ ဘလူးမာ့ခ် ပြုတ်သွားတဲ့ နာမည်ကြီး ဆယ်လီဘရစ်တီတွေ၊ အားကစားသမားတွေထဲက တစ်ဦးဖြစ်ခဲ့ပါတယ်။
အီလွန် မက်စ်ဟာပြီးခဲ့တဲ့ အောက်တိုဘာလမှာ တွစ်တာကို ပေါင် ၃၈.၁ ဘီလီယံနဲ့ အပြီးသတ် ဝယ်ယူခဲ့ပြီး လူမှုကွန်ရက် အက်ပလီကေးရှင်းရဲ့ ချဉ်းကပ်ပုံကို ပြောင်းလဲချင်တဲ့ဆန္ဒကို ကြေညာခဲ့တာ ဖြစ်ပါတယ်။
အီလွန် မက်စ်ဟာ ကုမ္ပဏီဝန်ထမ်း ၅၀၀၀ ကျော်ကို အလုပ်ဖြုတ်ပစ်ခဲ့ပြီး ကြီးကြီးမားမား အငြင်းပွားစရာ အပြောင်းအလဲနဲ့ စတင်ခဲ့ပြီး အကြီးမားဆုံးအငြင်းပွားစရာကတော့ တွစ်တာဘလူးလို့ခေါ်တဲ့ အခကြေးငွေပေးရတဲ့ ဝန်ဆောင်မှုကို ပြောင်းလဲလိုက်တာဖြစ်ပါတယ်။
တွစ်တာလူမှုကွန်ရက်မှာ ဘလူးမာ့ခ်လိုချင်တဲ့သူတွေအနေနဲ့ တစ်လကို ၈ ဒေါ်လာ ပေးချေသွားရမှာဖြစ်ပြီး ဝန်ဆောင်ခမပေးချေတဲ့ ဘယ်သူမဆို ၎င်းတို့ရဲ့ ဘလူးမာ့ခ်ကို ဖြုတ်ခံရမှာ ဖြစ်ပါတယ်။
အဲဒီထဲမှာ ဘလွန်ဒေါ ၅ ဆုရှင် ခရစ္စတီယာနို ရော်နယ်လ်ဒိုလည်း အပါအဝင်ဖြစ်ခဲ့ပြီး ပေါ်တူဂီကြယ်ပွင့်ဟာ တွစ်တာလူမှုကွန်ရက်ပေါ်မှာ ပရိသတ်ပေါင်း ၁၀၈ သန်းအထိ ပိုင်ဆိုင်ထားတဲ့ ပရိသတ်အများဆုံး အားကစားသမားအဖြစ် စံချိန်တင်ထားတာဖြစ်ပါတယ်။
ရော်နယ်လ်ဒိုရဲ့ ပရိုဖိုင်မှာ ဘလူးမာ့ခ် မရှိတော့တာကို မြင်တွေ့ခဲ့ရပြီး အယ်လ်နာဆာ ကြယ်ပွင့်တိုက်စစ်မှူးအနေနဲ့ အီလွန် မက်စ်ရဲ့ တစ်လ ၈ ဒေါ်လာပေးချေရတဲ့ကို လျှောက်ထားသွားမလားဆိုတာတော့ မသိရသေးတာဖြစ်ပါတယ်။
မန်ချက်စတာစီးတီးကြယ်ပွင့် ၂ ဦးဖြစ်တဲ့ လာပေါ့တ်နဲ့ မာရက်ဇ်တို့ကလည်း ဘလူးမာ့ခ် အဖြုတ်ခံခဲ့ရပြီး ပိုက်ဆံပေးနိုင်ပေမယ့်လည်း တမင်ကို မပေးဘဲ ဒီတိုင်း နေသွားမှာဖြစ်တယ်လို့ အတည်ပြုခဲ့ပါတယ်။
မာရက်ဇ်က “ဘလူးမာ့ခ်က တစ်ခါ ပြုတ်ဖူးပြီးသားဆိုတော့ မရှိတော့မှာလည်း ကြောက်မနေတော့ဘူး။ ဒီလို ရူးကြောင်ကြောင် စိတ်ကူးအတွက် ပိုက်ဆံပေးမှာမဟုတ်ဘူး။ ဟားဟား”လို့ ရေးသားခဲ့တာဖြစ်ပြီး မန်စီးတီးနောက်ခံလူ လာပေါ့တ်ကို ပရိသတ်တစ်ဦးက ပိုက်ဆံချမ်းသာတာကြောင့် တစ်လ ၈ ဒေါ်လာ ဝန်ဆောင်ခပေးဖို့ ပြောကြားခဲ့ချိန်မှာ စပိန်နောက်ခံလူက “ပိုက်ဆံရှိတာ မရှိတာထက် အရူးတစ်ယောက်က အရာအားလုံးကို မပြောင်းမလဲခင် အပြည့်အဝ ကောင်းမွန်နေခဲ့တဲ့အရာအတွက် ပိုက်ဆံပေးနေမှာမဟုတ်ဘူး။ ဟားဟား”လို့ တုံ့ပြန်ခဲ့တာဖြစ်ပါတယ်။
Share