ယူနိုက်တက်နည်းပြ အဲရစ်တန်ဟက်ခ်က အက်စတွန်ဗီလာကို အနိုင်ရရှိခဲ့တဲ့ပွဲမှာ အသင်းအနေနဲ့ ၃-၁ ဂိုး၊ ၄-၁ ဂိုးဆိုတဲ့ ရလဒ်တွေနဲ့ အနိုင်ရရှိခဲ့သင့်ကြောင်း ဖွင့်ဟပြောကြားခဲ့ပါတယ်။ ဒီပွဲမှာတော့ ယူနိုက်တက်တို့ ပထမပိုင်းမှာ အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ် သွင်းယူခဲ့တဲ့ တစ်လုံးတည်းသော သွင်းဂိုးနဲ့ အနိုင်ရရှိခဲ့တာပါ။
ပထမပိုင်းမှာ ယူနိုက်တက်တို့ အပိုင်အခွင့်အရေးတွေရရှိခဲ့ပေမယ့် ဘရူနိုဖာနန်ဒက်စ်ရဲ့ သွင်းဂိုးတစ်ဂိုးတည်းသာ ရရှိခဲ့ပြီး ဒုတိယပိုင်းမှာတော့ ဧည့်သည်ဗီလာရဲ့ ထိုးစစ်ဆင်မှုအချို့ကို အသည်းအသန် ကာကွယ်ခဲ့ရပါတယ်။ ယူနိုက်တက်ကတော့ ဒီနိုင်ပွဲကြောင့် အမှတ်ပေးဇယားရဲ့ အဆင့် (၄) နေရာမှာ ဆက်လက်ရပ်တည်နိုင်ခဲ့ပြီး ချန်ပီယံလိဂ်ဝင်ခွင့်အတွက် ပိုမိုအခြေအနေကောင်းလာခဲ့ပါတယ်။
ပွဲအပြီးမှာတော့ တန်ဟက်ခ်က “အနိုင်သုံးမှတ်ရရှိခဲ့တဲ့အတွက် ကျေနပ်မိသလို အသင်းရဲ့ စွမ်းဆောင်ရည်ကိုလည်း ကျေနပ်မိပါတယ်။ နောက်ဆုံး (၁၀) ပွဲမှာ ရှုံးပွဲမရှိထားဘဲ ပွဲတိုင်း ဂိုးသွင်းနိုင်ခဲ့တဲ့ ဗီလာလို အသင်းမျိုးကို လုံးဝထိန်းချုပ်နိုင်ခဲ့တာက တကယ်ကို ကောင်းမွန်တဲ့ စွမ်းဆောင်ရည်ပါပဲ”
“ဒီလို စွမ်းဆောင်ရည်မျိုးနဲ့ ကျွန်တော်တို့ ၃-၁ ဂိုး၊ ၄-၁ ဂိုးလောက်အထိကို နိုင်ပွဲရခဲ့သင့်တာပါ” လို့ ပြောကြားသွားခဲ့ပါတယ်။ ယူနိုက်တက်တို့ ဒီပွဲမှာ ပေးဂိုးမရှိ နိုင်ပွဲရရှိခဲ့တာကြောင့် ဂိုးသမား ဒီဂီယာအနေနဲ့လည်း ပရီးမီးယားလိဂ် ရွှေလက်အိတ်ဆုအတွက် ထိပ်ဆုံးကနေ ဆက်လက်ဦးဆောင်နိုင်ခဲ့ပါတယ်။
ဒါ့အပြင် တန်ဟက်ခ်က ဒီပွဲရဲ့ အနိုင်ဂိုးရှင် ဘရူနိုဖာနန်ဒက်စ်ရဲ့ ခြေစွမ်းပိုင်းကိုလည်း အထူးတလည် ချီးကျူးပြောကြားခဲ့ပြီး ချန်ပီယံလိဂ်ဝင်ခွင့်အတွက်လည်း အသင်းအနေနဲ့ ကိုယ့်ကံကြမ္မာကိုယ် ဖန်တီးနိုင်စွမ်း ရှိနေပြီဖြစ်ကြောင်း ဖွင့်ဟပြောကြားသွားခဲ့ပါတယ်။