လိဒ်စ်ယူနိုက်တက်ကို တစ်ကျော့ပြန် ရောက်ရှိလာခဲ့တဲ့ ပရီးမီးယားလိဂ်ဝါရင့်နည်းပြကြီး ဆမ်အလာဒွိုက်စ်က မန်စီးတီးကို သူကိုင်တွယ်ရင်လည်း ဆုဖလား သုံးလုံးကို စိန်ခေါ်နိုင်စွမ်းရှိကြောင်း ဖွင့်ဟပြောကြားလိုက်ပါတယ်။ ဆမ်အလာဒွိုက်စ်ဟာ လိဒ်စ်ယူနိုက်တက်နည်းပြအဖြစ် ခန့်အပ်ခံရပြီးကတည်းက ကလော့ပ်၊ ဂွါဒီယိုလာတို့က သူ့ထက် ပိုကောင်းနေတာမျိုးမရှိဘူးလို့ ပြောကြားခဲ့သူပါ။
ဆမ်အလာဒွိုက်စ်ဟာ ပရီးမီးယားလိဂ်တန်းဆင်းဇုန် ရုန်းကန်တဲ့နေရာမှာ အတွေ့အကြုံကြွယ်ဝပြီး လိဒ်စ်ယူနိုက်တက်ကလည်း သူ့လက်ထက်မှာ တန်းဆင်းဇုန်ထဲကနေ လွတ်မြောက်ဖို့ မျှော်လင့်နေရပါတယ်။ လက်ရှိမှာ လိဒ်စ်က ရမှတ် (၃၀) နဲ့ အဆင့် (၁၇) နေရာကို ရောက်ရှိနေပြီး အဆင့် (၁၈) နေရာက နော်တင်ဟမ်ဖောရက်စ်နဲ့ အမှတ်တူ အနေအထား၊ အဆင့် (၁၉) က အဲဗာတန်ထက် တစ်မှတ်သာ အသာရထားတဲ့ အခြေအနေကို ရောက်ရှိနေပါတယ်။
မန်စီးတီးကတော့ ဒီရာသီမှာ ပရီးမီးယားလိဂ် အမှတ်ပေးဇယားကို ဦးဆောင်ထားပြီး ချန်ပီယံလိဂ်မှာ ဆီမီးဖိုင်နယ်၊ အက်ဖ်အေဖလားမှာလည်း ဗိုလ်လုပွဲအဆင့်အထိ ရောက်ရှိနေပါတယ်။ အဲ့ဒါကြောင့်လည်း မန်စီးတီးတို့ ဒီရာသီမှာ ဆုဖလား (၃) လုံးကို မျှော်လင့်နိုင်စွမ်းရှိနေတာပါ။
မန်စီးတီးက ယူနိုက်တက်နောက်ပိုင်း ပရီးမီးယားလိဂ်ချန်ပီယံဆုကို (၃) နှစ်ဆက်တိုက် ရယူနိုင်တဲ့အသင်းဖြစ်ဖို့ ရေပန်းစားနေပြီး ယူနိုက်တက်တစ်သင်းတည်းသာ ရယူထားနိုင်တဲ့ ဥရောပဖလားအပါအဝင် ဆုဖလား (၃) လုံး ဆွတ်ခူးနိုင်တဲ့ ပထမဆုံး အင်္ဂလန်ကလပ်ဖြစ်လာဖို့ ကြိုးစားနေပါတယ်။
ဒီအနေအထားမှာ ဆမ်အလာဒွိုက်စ်ကတော့ “ကျွန်တော်သာ မန်စီးတီးနည်းပြဆိုရင်လည်း သူတို့က သေချာပေါက် ဆုဖလားသုံးလုံးကို စိန်ခေါ်နိုင်စွမ်းရှိပါတယ်။ ကစားသမားတွေက ခင်ဗျားကို တကယ်ကောင်းတဲ့ နည်းပြ၊ မန်နေဂျာတစ်ယောက်ဖြစ်လာအောင် လုပ်ပေးနိုင်ပါတယ်။ အဲ့ဒီနောက်မှာတော့ ခင်ဗျားအလုပ်က ကစားသမားတွေနဲ့ ကောင်းကောင်း ဆက်သွယ်နိုင်ဖို့ပါပဲ”
“ကျွန်တော်တို့မှာ ကိုယ့်ဖိအားနဲ့ကိုယ်ရှိပါတယ်။ ဒါပေမယ့် အရည်အသွေးမြင့် ကစားသမားတွေနဲ့အတူ ဒါကို ရင်ဆိုင်ရတဲ့အခါ နည်းပြတစ်ယောက်အတွက် အိပ်မက်တွေကို အမှန်တကယ်ဖြစ်လာအောင် လုပ်နိုင်စွမ်းရှိပါတယ်” လို့ ပြောကြားသွားခဲ့တာပဲဖြစ်ပါတယ်။