ပရီးမီးယားလိဂ် ကလပ်အသင်းတွေဟာ လာမယ့်ဘောလုံးရာသီမှာ VAR ဒိုင်နဲ့ ကွင်းထဲကဒိုင်တွေအကြား ပြောဆိုဆက်သွယ်မှုတွေကို ပရိသတ်တွေ နားထောင်နိုင်အောင် စီစဥ်ပေးသွားဖို့ ပြင်ဆင်နေကြောင်း သိရှိရပါတယ်။ VAR ကို ဘောလုံးလောကမှာ စတင်မိတ်ဆက်ချိန်ကတည်းက လက်ရှိအချိန်အထိ အငြင်းပွားစရာတွေရှိနေဆဲပါ။
VAR ရှိနေသည့်တိုင် လက်ရှိအချိန်အထိလည်း အငြင်းပွားဖွယ် ဆုံးဖြတ်ချက်တွေကို ဒိုင်တွေက ချမှတ်နေဆဲဖြစ်ပြီး VAR ဘက်ကလည်း မပြတ်သားတဲ့၊ အငြင်းပွားစရာရှိတဲ့ ဆုံးဖြတ်ချက်တွေကို ချမှတ်ခဲ့ပါတယ်။ အဲ့ဒါကြောင့်လည်း လာမယ့်ဘောလုံးရာသီမှာ ပွဲတစ်ပွဲပြီးသွားတဲ့အခါတိုင်း ပရိသတ်တွေအနေနဲ့ VAR နဲ့ပတ်သက်လို့ ဒိုင်တွေအကြား ပြောဆိုဆက်သွယ်မှုတွေကို နားထောင်နိုင်ဖို့ ကလပ်အသင်းတွေဘက် စီစဥ်နေတာပါ။
ဒီအစီအစဥ်ကို အရင်ဆုံး အကြံပြုခဲ့တာကတော့ နာမည်ကျော် ဒိုင်လူကြီးဟောင်းလည်းဖြစ်၊ ပရော်ဖက်ရှင်နယ် ဒိုင်လူကြီးများအဖွဲ့ချုပ်ရဲ့ နည်းစနစ်ဒါရိုက်တာဖြစ်တဲ့ ဟောင်းဝက်ဘ်ဝက်ဒ်ပဲဖြစ်ပါတယ်။ အသင်းတွေဘက်ကလည်း ဒိုင်လူကြီးတွေအကြား ပြောဆိုဆက်သွယ်မှုတွေက ဘာမှ ဖုံးကွယ်ထားစရာမရှိဘူးလို့ ယူဆနေပါတယ်။
ဒီအစီအစဥ်ကို လက်တွေ့အကောင်အထည်ဖော်သွားဖို့ ဘောလုံးလောကရဲ့ သက်ဆိုင်ရာအဖွဲ့အစည်းအချို့က အလေးအနက်ထား စဥ်းစားနေကြပါတယ်။ ဒါပေမယ့်လည်း ဒိုင်တွေအကြား ပြောဆိုဆက်သွယ်မှုတွေကို တိုက်ရိုက်ထုတ်လွှင့်သွားမှာ မဟုတ်သလို အချို့သော အကြောင်းအရာတွေကိုလည်း အကန့်အသတ်နဲ့သာ ပြန်လည်ချပြသွားဖို့ရှိပါတယ်။
ကစားသမားတွေ၊ နည်းပြအဖွဲ့ဝင်တွေနဲ့ ဒိုင်တွေအကြား ပြောဆိုဆက်သွယ်မှုတွေကိုတော့ ပရိသတ်တွေ ပြန်လည်နားထောင်နိုင်ဖွယ်မရှိဘဲ VAR ဆုံးဖြတ်ချက်နဲ့ပတ်သက်လို့ VAR အခန်းထဲက ဒိုင်နဲ့ ကွင်းထဲက ဒိုင်တို့အကြား ဆက်သွယ်ပြောဆိုမှုတွေကိုသာ ပြန်လည်နားထောင်ခွင့်ပေးသွားဖို့ စီစဥ်ထားပါတယ်။
ပြင်သစ်လီဂူးမှာဆိုရင် ပွဲတစ်ပွဲပြီးသွားတဲ့အခါတိုင်း အဆိုပါပွဲကို ကိုင်တွယ်ခဲ့တဲ့ ဒိုင်ကို အင်တာဗျူးပြုလုပ်ပြီး ဒီပွဲအတွင်း ချမှတ်ခဲ့တဲ့ ဆုံးဖြတ်ချက်တွေနဲ့ ပတ်သက်လို့ မေးမြန်းလေ့ရှိတဲ့ အစီအစဥ်တစ်ခုကို စတင်မိတ်ဆက်ပေးထားပါတယ်။ အခု သတင်းတွေထွက်ပေါ်နေတဲ့ အစီအစဥ် အမှန်တကယ် အကောင်အထည်ပေါ်လာဖို့အတွက်လည်း ပရိသတ်တွေက မျှော်လင့်နေကြပါတယ်။