ယူနိုက်တက်နည်းပြ အဲရစ်တန်ဟက်ခ်က သူ့အသင်းအနေနဲ့ လွယ်လွယ်ကူကူနဲ့ ရာသီမသိမ်းနိုင်တဲ့အပေါ် ဖွင့်ဟပြောကြားခဲ့ပြီး ကစားသမားတွေအနေနဲ့ အခုထက်ပိုမိုတဲ့ ရက်စက်မှုမျိုးကို ပြသဖို့ လိုအပ်ကြောင်း ဖွင့်ဟပြောကြားခဲ့ပါတယ်။
ယူနိုက်တက်ဟာ မနေ့ညက ဝုလ်ဗ်ကို အိမ်ကွင်း အိုးထရက်ဖို့ဒ်မှာ နှစ်ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့ပြီး ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အခြေအနေကောင်းသွားခဲ့ပါတယ်။ ဒီပွဲမှာ ယူနိုက်တက်အတွက် ဂိုးတွေကို တိုက်စစ်မှူး မာရှယ်လ်၊ လူစားဝင် လူငယ်ကြယ်ပွင့် ဂါနာချိုတို့က သွင်းယူပေးခဲ့ပါတယ်။
ဒီပွဲရလဒ်ကြောင့် ယူနိုက်တက်တို့ ရာသီကုန်မှာ ထိပ်သီး (၄) သင်းစာရင်းဝင်ဖို့ မျှော်လင့်ချက် ပိုမိုအားကောင်းလာခဲ့ပြီး နယူးကာဆယ်ကိုပါ ကျော်တက်ဖို့ ရည်ရွယ်ခွင့်ရှိလာပါတယ်။ ပွဲအပြီးမှာတော့ အသင်းရဲ့အနေအထားနဲ့ပတ်သက်လို့ တန်ဟက်ခ်က အခုလိုပဲ ဖွင့်ဟလာပါတယ်။
တန်ဟက်ခ်က “ကျွန်တော်တို့အနေနဲ့ပွဲတစ်ပွဲကို မြင့်မားတဲ့ အဆင့်အတန်းနဲ့ ကစားနိုင်ဖို့ လိုအပ်ပါတယ်။ ဒါပေမယ့် ယူနိုက်တက်က ဒါကို လွယ်လွယ်ကူကူ မလုပ်နိုင်ဘူးဆိုတာ ကြားထားပါတယ်။ ဘာကြောင့်လဲဆိုတော့ ယူနိုက်တက်ရဲ့ ဒီအင်န်အေကြောင့်ဖြစ်ပါတယ်။ ကျွန်တော်က ရာသီတစ်ခုကို လွယ်လွယ်ကူကူနဲ့ အဆုံးမသတ်နိုင်ပါဘူး” လို့ ပြောကြားသွားခဲ့ပါတယ်။
ဒီပွဲမှာလည်း ယူနိုက်တက်တို့ (၂) ဂိုးထက် ပိုရနိုင်တဲ့ အခြေအနေတွေရှိခဲ့ပေမယ့် ကစားသမားတွေရဲ့ ဖြုန်းတီးမှုကြောင့် ဒီအခွင့်အရေးကို လက်လွှတ်ဆုံးရှုံးခဲ့ရပါတယ်။ အဲ့ဒါကြောင့်လည်း တန်ဟက်ခ်က “ကျွန်တော်တို့ အခုထက်ပိုပြီး ထိရောက်မှုရှိတဲ့၊ ကြောက်လန့်မှု ကင်းမဲ့တဲ့ ပုံစံမျိုးကို ပြသနိုင်ဖို့ လိုအပ်ပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။
ယူနိုက်တက်ဟာ ဒီရာသီမှာ ကာရာဘောင်ချန်ပီယံဆုကို ဆွတ်ခူးထားပြီး အက်ဖ်အေဖလားကို ဆက်လက် ဆွတ်ခူးနိုင်ဖို့နဲ့ ရာသီကုန်မှာ ပရီးမီးယားလိဂ်ထိပ်သီး (၄) သင်းဝင်ဖို့အတွက် အဓိကပစ်မှတ်ထား ကြိုးစားလျက်ရှိပါတယ်။