ဖီးလ်ဂျုံးစ်က ရာသီကုန်မှာ အသင်းကနေ ထွက်ခွာတော့မှာပါ။

ယူနိုက်တက်နည်းပြ အဲရစ်တန်ဟက်ခ်က ရာသီကုန်မှာ အသင်းကနေ ထွက်ခွာတော့မယ့် နောက်ခံလူ ဖီးလ်ဂျုံးစ် လေ့ကျင့်ခန်းဆင်းတာကို မိနစ် (၂၀) သာ မြင်တွေ့ခဲ့ဖူးကြောင်း ဖွင့်ဟခဲ့ပါတယ်။ ယူနိုက်တက်ဟာ ဒီနေ့ညမှာ ဘုန်းမောက်နဲ့ ပရီးမီးယားလိဂ်အဝေးကွင်းပွဲအဖြစ် ရင်ဆိုင်ကစားရမှာပါ။



ဒီပွဲမတိုင်ခင် သတင်းစာရှင်းလင်းပွဲမှာ တန်ဟက်ခ်က အခုလိုမျိုး ဖွင့်ဟခဲ့တာဖြစ်ပါတယ်။ အင်္ဂလန်လူမျိုး နောက်ခံလူဟာ ယူနိုက်တက်ကို ရောက်ရှိပြီးနောက်ပိုင်း ဒဏ်ရာပြဿနာတွေနဲ့ ဆက်တိုက် ရုန်းကန်ခဲ့ရပြီး အသင်းမှာ (၁၂) နှစ်ကြာ ဖြတ်သန်းပြီးတဲ့နောက် ရာသီကုန်မှာ အသင်းကနေ ထွက်ခွာတော့မှာပါ။

ဖီးလ်ဂျုံးစ်ဟာ အသင်းနဲ့ နောက်ဆုံး (၃) နှစ်ခွဲအတွင်း ဖြတ်သန်းခဲ့ချိန်မှာ (၅) ပွဲသာ ပါဝင်ကစားခွင့်ရရှိခဲ့ပါတယ်။ ကျန်တဲ့အချိန်တွေမှာ ဒီနောက်ခံလူက ဒဏ်ရာပြဿနာတွေနဲ့သာ ရုန်းကန်ခဲ့ရပြီး အနားယူနေရတာပါ။ အဲ့ဒါကြောင့်လည်း ယူနိုက်တက်က ရာသီကုန်မှာ ဒီကစားသမားကို စာချုပ်သက်တမ်းမတိုးဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

ဘုန်းမောက်နဲ့ပွဲမတိုင်ခင် သတင်းစာရှင်းလင်းပွဲမှာ တန်ဟက်ခ်က “ဖီးလ်ဂျုံးစ်က သူရရှိခဲ့တဲ့ အောင်မြင်မှုတွေနဲ့ ကြည့်လိုက်ရင် ကြီးကျယ်ခမ်းနားတဲ့ ကစားသမားဘဝကို ဖြတ်သန်းနိုင်ခဲ့တာပါ။ သူက ပရီးမီးယားလိဂ်၊ အက်ဖ်အေဖလား၊ ယူရိုပါလိဂ်တို့ကို ရရှိခဲ့ပါတယ်။ ယူနိုက်တက်မှာ ကြီးမားတဲ့ ကစားသမားဘဝကို ဖြတ်သန်းခဲ့ပြီး သူ့ရဲ့ ကစားသမားဘဝက ချီးကျူးစရာတွေရှိခဲ့ပါတယ်”

“ဒါပေမယ့် ဟုတ်ပါတယ်။ ကျွန်တော် ဖီးလ်ဂျုံးစ် လေ့ကျင့်ခန်းဆင်းတာကို မိနစ် (၂၀) ပဲ မြင်တွေ့ခဲ့ဖူးတာပါ။ ဒါကလည်း ဒီရာသီရဲ့ ပထမဆုံး လေ့ကျင့်ခန်း အစီအစဥ်မှာပါ” လို့ ပြောကြားသွားခဲ့ပါတယ်။ လက်ရှိအချိန်မှာ ဖီးလ်ဂျုံးစ်တစ်ယောက် ဘယ်အသင်းကို ပြောင်းရွှေ့မယ်ဆိုတာကိုတော့ မသိရှိရသေးဘဲ သူ့ရဲ့ ဒဏ်ရာမှတ်တမ်းကြောင့် ဥရောပထိပ်တန်းအဆင့်မှာ ဆက်ကစားဖို့ဆိုတာတော့ မဖြစ်နိုင်တော့ပါဘူး။  

Share

Loading Next Article...
က္က