ယူနိုက်တက်ဂန္တဝင်နောက်ခံလူဟောင်းကြီး ဂယ်ရီနဗီးလ်က လာမယ့် အက်ဖ်အေဖလား ဗိုလ်လုပွဲမှာ သူ့အသင်းဟောင်းအနေနဲ့ မန်စီးတီးကို အနိုင်ယူဖို့အတွက် အခွင့်အရေး (၅) ရာခိုင်နှုန်းရှိကြောင်း ပြောကြားသွားခဲ့ပါတယ်။ မန်စီးတီးနဲ့ ယူနိုက်တက်တို့ရဲ့ အဆိုပါဗိုလ်လုပွဲကို လာမယ့်ဇွန်လ (၃) ရက်နေ့မှာ ကစားသွားမှာပါ။
ဝင်ဘလေကွင်းမှာ ကစားမယ့်အဆိုပါပွဲအတွက် မန်စီးတီးက ယူနိုက်တက်ကို အနိုင်ယူပြီး ချန်ပီယံအဖြစ် အောင်ပွဲခံနိုင်ဖို့ဆိုတာက အငြင်းပွားစရာမရှိပါဘူး။ မန်စီးတီးဟာ ဒီရာသီမှာ ဆုဖလား (၃) လုံး ဆွတ်ခူးဖို့ ပစ်မှတ်ထားနေပြီး ပရီးမီးယားလိဂ်ဖလားကို ဆွတ်ခူးနိုင်ခဲ့ပြီးလည်းဖြစ်ပါတယ်။
မန်စီးတီးအနေနဲ့ မြို့ခံပြိုင်ဘက် ယူနိုက်တက်ရဲ့ တစ်ရာသီအတွင်း ဥရောပဖလားအပါအဝင် ဆုဖလား (၃) လုံး ဆွတ်ခူးနိုင်တဲ့ စံချိန်ကို ဒီရာသီမှာ ရယူသွားနိုင်ဖို့ ပစ်မှတ်ထားနေတာဖြစ်ပါတယ်။ ဒါပေမယ့် ယူနိုက်တက်ကလည်း ဒါကို အက်ဖ်အေဖလား ဗိုလ်လုပွဲမှာ ကိုယ်တိုင် တားဆီးနိုင်ဖို့ အခွင့်အရေးရှိနေပါတယ်။
မန်ချက်စတာမြို့ခံနှစ်သင်းရဲ့ ဗိုလ်လုပွဲနဲ့ပတ်သက်လို့ ဂယ်ရီနဗီးလ်ကတော့ “ကျွန်တော် ဝင်ဘလေပွဲအတွက် လက်မှတ်တွေ ဝယ်ယူပြီးပါပြီ။ ကျွန်တော် စဥ်းစားနေတာပါ။ ကျွန်တော် အဲ့ဒီကို သွားပြီး မန်စီးတီးက ယူနိုက်တက်ကိုနိုင်၊ ဖလား (၃) လုံး ဆွတ်ခူးတာကို ကြည့်နေရမလားဆိုပြီးတော့ပေါ့။ ဒါပေမယ့်လည်း မန်စီးတီးကို ယူနိုက်တက်က ရပ်တန့်စေတာမျိုးလည်း ကျွန်တော် ဖြစ်ချင်ပါတယ်”
“အဲ့ဒီအတွက်တော့ (၅) ရာခိုင်နှုန်းလောက်တော့ ဖြစ်နိုင်ခြေရှိပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။ မန်စီးတီးဟာ ယူနိုက်တက်နဲ့ ကစားပြီး တစ်ပတ်အကြာမှာပဲ ချန်ပီယံလိဂ်ဗိုလ်လုပွဲအဖြစ် အင်တာမီလန်နဲ့ ဆက်လက်ရင်ဆိုင်ရမှာဖြစ်ပါတယ်။