ဘရိုက်တန်ကွင်းလယ်ကစားသမား အန်စီဆိုဟာ မနေ့ညက ကစားခဲ့တဲ့ မန်စီးတီးနဲ့ ပရီးမီးယားလိဂ်ပွဲမှာ အသင်းအတွက် ချေပဂိုးကို လှပတဲ့ အဝေးကန်ချက်နဲ့အတူ သွင်းယူပေးခဲ့ပါတယ်။ ဒီပွဲမှာ တစ်ဖက်တစ်ဂိုးစီ သရေကျခဲ့ပြီး နှစ်သင်းလုံးအတွက်လည်း ရလဒ်ပိုင်းအရ အများကြီး အရေးပါခဲ့တဲ့ပွဲ မဟုတ်ခဲ့ပါဘူး။
မန်စီးတီးက ပရီးမီးယားလိဂ် ချန်ပီယံဖြစ်ထားပြီးသလို ဘရိုက်တန်ကလည်း ဥရောပဝင်ခွင့်တစ်နေရာကို ရရှိထားပြီးဖြစ်ပါတယ်။ ဒီပွဲမှာ မန်စီးတီးအတွက် ဖိုဒန်က ဦးဆောင်ဂိုးသွင်းယူပေးခဲ့ပါတယ်။ ဒါပေမယ့် အသက် (၁၉) နှစ်အရွယ် ပါရာဂွေးသားလေး အန်စီဆိုက ပွဲကစားချိန် (၃၈) မိနစ်မှာ ဘရိုက်တန်အတွက် ချေပဂိုးကို လှလှပပသွင်းယူပေးခဲ့ပါတယ်။ အန်စီဆိုရဲ့ ကန်ချက်က မန်စီးတီးဂိုးသမား စတီဖန်အော်တီဂါရဲ့ ထောင့်ထဲကို တန်းနေအောင် ဝင်သွားခဲ့ပြီး ပြိုင်ဘက်ဂိုးသမား ကာကွယ်ဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ခဲ့ပါဘူး။
ဒုတိယပိုင်းမှာလည်း ပွဲရလဒ်က အပြောင်းအလဲမရှိခဲ့ဘဲ ဘရိုက်တန်တို့ မန်စီးတီးဆီကနေ သရေတစ်မှတ် ခွဲယူနိုင်ခဲ့ပါတယ်။ ဒါ့အပြင် အန်စီဆိုအတွက်ကတော့ ဒီလို လှပတဲ့သွင်းဂိုးမျိုးကို အခုမှ သွင်းယူခဲ့တာ မဟုတ်ပါဘူး။ ဒီရာသီ ပရီးမီးယားလိဂ် အဝေးကွင်းပွဲတစ်ပွဲဖြစ်တဲ့ ချဲလ်ဆီးနဲ့ပွဲမှာလည်း အန်စီဆိုက အသင်းအတွက် ချေပဂိုးကို ဧရိယာထိပ်ကနေ လှလှပပ သွင်းယူခဲ့ပါသေးတယ်။
ဒါ့အပြင် ဒီရာသီမှာ အန်စီဆိုက ချဲလ်ဆီး၊ အာဆင်နယ်၊ မန်စီးတီးတို့နဲ့ ထိပ်တိုက်တွေ့တဲ့ပွဲတွေမှာ ဂိုးတွေသွင်းယူနိုင်ခဲ့တာကြောင့် သူ့အတွက် ကျေနပ်စရာကောင်းတဲ့ ဘောလုံးရာသီတစ်ခုဖြစ်ခဲ့တယ်လို့ ပြောနိုင်ပါတယ်။ အခု မန်စီးတီးနဲ့ပွဲမှာ သွင်းယူခဲ့တဲ့ လှပတဲ့သွင်းဂိုးကိုလည်း ဧည့်သည် မန်စီးတီး ပရိသတ်တွေက လက်ခုပ်တီးဂုဏ်ပြုခဲ့တယ်လို့ သိရှိရပါတယ်။
ဒီရာသီမှာ ဘရိုက်တန်က အကောင်းဆုံးပုံစံတွေကို ပြသနေပြီး မက်အယ်လစ္စတာ၊ မီတိုမာ၊ အီဗန်ဖာဂူဆန်တို့က မီဒီယာတွေရဲ့ ချီးကျူးမှုကို မကြာခဏ ခံနေရပါတယ်။ ဒါပေမယ့် ကွင်းလယ်ကစားသမားလေး အန်စီဆိုကလည်း အသင်းအတွက် အကောင်းဆုံးခြေစွမ်းပြနေပြီး ဥရောပ ထိပ်တန်းအသင်းကြီးတွေရဲ့ စောင့်ကြည့်ခြင်းကို ခံနေရပြီဖြစ်ပါတယ်။