သူတို့ရဲ့ အိမ်ကွင်း‌နောက်ဆုံးပွဲဖြစ်ခဲ့တာပါ။

ဘာစီလိုနာ ကွင်းလယ်လူ ဘတ်စ်ကွက်စ်နဲ့ နောက်ခံလူ အယ်လ်ဘာတို့ဟာ သူတို့ရဲ့ ဘာစီလိုနာ ကစားသမားဘဝ နောက်ဆုံး အိမ်ကွင်းပွဲအဖြစ် မာယော့ကာနဲ့ပွဲမှာ ပါဝင်ကစားပေးခဲ့ကြပါတယ်။ ဒီပွဲမှာ အသင်းဖော်တွေက သူတို့နှစ်ယောက်ကို ဝိုင်းဝန်းဂုဏ်ပြုနှုတ်ဆက်ခဲ့ကြပြီး အယ်လ်ဘာကလည်း ကွင်းအတွင်းမှာ ငိုကြွေးခဲ့ပါတယ်။



ဒီကစားသမားနှစ်ယောက်လုံးဟာ လက်ရှိဘောလုံးရာသီအကုန်မှာ ဘာစီလိုနာနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးမှာဖြစ်ပါတယ်။ နှစ်ယောက်စလုံးက ဘာစီလိုနာကနေ ထွက်ခွာမှာဖြစ်ကြောင်း အရင်ကတည်းက အတည်ပြုပြောကြားထားပြီး ထွက်ပေါ်နေတဲ့ သတင်းတွေအရ‌တော့ ရော်နယ်ဒို ကစားနေတဲ့ ဆော်ဒီလိဂ်ကို ပြောင်းရွှေ့‌ ‌ရောက်ရှိဖွယ်ရှိပါတယ်။


မနေ့ညကပွဲမှာတော့ ဘာစီလိုနာက မာယော့ကာကို ၃-၀ ဂိုးနဲ့ ဂိုးပြတ် အနိုင်ရရှိခဲ့ပြီး လာလီဂါချန်ပီယံဆုကို လက်ခံရယူခဲ့ပါတယ်။ ပွဲကစားချိန် (၈၁) မိနစ်မှာ ဇာဗီက အယ်လ်ဘာကို လူစားလဲခဲ့ပြီး ဒီအချိန်မှာ အသင်းဖော်တွေက သူ့ကို ဝိုင်းဝန်းဂုဏ်ပြုနှုတ်ဆက်ခဲ့ကြသလို အယ်လ်ဘာကိုယ်တိုင်ကလည်း မျက်ရည်တွေနဲ့အတူ နူးကမ့်ကွင်းထဲက ပရိသတ်တွေကို နှုတ်ဆက်သွားခဲ့ပါတယ်။


အဲ့ဒီနောက် (၄) မိနစ်အကြာမှာ ဘတ်စ်ကွက်စ်ကို ဇာဗီက အဲရစ်ဂါစီယာနဲ့ လူစားလဲခဲ့ပြီး ဘတ်စ်ကွက်စ်က သူ့ရဲ့ အသင်းခေါင်းဆောင် လက်ပတ်ကို လွှဲပြောင်း ပေးအပ်ကာ ကွင်းအတွင်းကနေ ထွက်ခွာသွားခဲ့ပါတယ်။ ပွဲပြီးဆုံးချိန်မှာလည်း အယ်လ်ဘာနဲ့ ဘတ်စ်ကွက်စ်တို့နှစ်ယောက်ဟာ ဆုဖလားတွေနဲ့အတူ ကွင်းအတွင်း ထပ်မံဂုဏ်ပြုခံခဲ့ကြပြန်ပါတယ်။


နှစ်ယောက်လုံးက ဘာစီလိုနာရဲ့ လာမာစီယာအကယ်ဒမီထွက်တွေဖြစ်ကြပြီး ဘတ်စ်ကွက်စ်ဆိုရင် သူ့ရဲ့ ကစားသမားဘဝတစ်ခုလုံးကို ဘာစီလိုနာမှာပဲ မြှုပ်နှံခဲ့သူတစ်ယောက်ပါ။ အယ်လ်ဘာ၊ ဘတ်စ်ကွက်စ်တို့နှစ်ယောက်က သူတို့ ကစားတဲ့နေရာတွေမှာ ကမ္ဘာ့အကောင်းဆုံးတွေထဲက တစ်ယောက်ဖြစ်ခဲ့ပါတယ်။ ဘတ်စ်ကွက်စ်ရဲ့နေရာဆိုရင် ဘာစီလိုနာတို့ ပြန်လည်အစားထိုးဖို့တောင် မလွယ်ကူဘူးလို့ သတ်မှတ်ခံထားရတာဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က