ယူနိုက်တက်နည်းပြ အဲရစ်တန်ဟက်ခ်က သူ့အနေနဲ့ မန်စီးတီးရဲ့ ဆုဖလား သုံးလုံး မျှော်လင့်ချက်ကို ရပ်တန့်ဖို့အတွက်ပဲ စိတ်မဝင်စားကြောင်း၊ ယူနိုက်တက်နဲ့အတူ အက်ဖ်အေဖလား ဆွတ်ခူးနိုင်ဖို့ကိုပဲ အာရုံစိုက်ထားကြောင်း ပြောကြားခဲ့ပါတယ်။ မန်ချက်စတာမြို့ခံနှစ်သင်းဟာ အက်ဖ်အေဖလား ဗိုလ်လုပွဲအဖြစ် ဒီနေ့ည၊ ဝင်ဘလေကွင်းမှာ ရင်ဆိုင်ကစားရမှာပါ။
မန်စီးတီးဟာ ဒီရာသီမှာ ဆုဖလားသုံးလုံး ဆွတ်ခူးနိုင်ဖို့ ပစ်မှတ်ထားနေတဲ့ အသင်းတစ်သင်းဖြစ်ပြီး ပရီးမီးယားလိဂ်ဖလားကို ရယူခဲ့ပြီးဖြစ်ပါတယ်။ ဒါ့အပြင် အခု အက်ဖ်အေဖလား၊ ချန်ပီယံလိဂ်ပြိုင်ပွဲတို့မှာလည်း ဗိုလ်လုပွဲအဆင့်ကို အသီးသီး တက်ရောက်ထားပြီးဖြစ်ပါတယ်။
မန်စီးတီးအနေနဲ့ ဥရောပဖလား အပါအဝင် တစ်ရာသီအတွင်း ဆုဖလားသုံးလုံးကို ဆွတ်ခူးနိုင်ခဲ့မယ်ဆိုရင် ယူနိုက်တက်နောက်ပိုင်း ဒါမျိုး စံချိန်ကို ရရှိတဲ့ ပထမဆုံး အင်္ဂလန်အသင်းတစ်သင်းဖြစ်လာမှာပါ။ အဲ့ဒါကြောင့်လည်း ယူနိုက်တက်ပရိသတ်တွေက မန်စီးတီးရဲ့ ဒီမျှော်လင့်ချက်တွေကို အက်ဖ်အေဖလားမှာ ရိုက်ချိုးနိုင်ဖို့ မျှော်လင့်နေပါတယ်။
တန်ဟက်ခ်ကတော့ “ကျွန်တော်တို့က အက်ဖ်အေဖလားကို လိုချင်တာပါ။ ဒါက မန်စီးတီးကို ရပ်တန့်ဖို့အတွက်ချည်းပဲ မဟုတ်ပါဘူး။ ကျွန်တော်တို့ ဖလားရဖို့အတွက်ပါ။ ဒါက ကြီးကျယ်ခမ်းနားတဲ့ အခွင့်အရေးတစ်ခုပါပဲ။ ဒီလိုမျိုး ဗိုလ်လုပွဲမှာ မန်စီးတီးနဲ့ ထိပ်တိုက်တွေ့ရတာ၊ ဒီလိုမျိုး အခွင့်အရေးရတာက ကြီးကျယ်ခမ်းနားပါတယ်”
“ကျွန်တော်တို့အတွက် အကောင်းဆုံးတိုက်ပွဲဝင်ခွင့်ရတာလည်း ကောင်းပါတယ်။ အသင်းက ကောင်းကောင်း တိုးတက်နေပြီး ဒါက ကောင်းမွန်တဲ့ စမ်းသပ်မှုတစ်ခုပါ။ မန်စီးတီးက ပုံစံကောင်းပြထားတယ်လို့ ကျွန်တော်ထင်ပေမယ့် သူတို့ကိုပဲ အာရုံစိုက်နေမှာ မဟုတ်ပါဘူး။ ပြိုင်ဘက်ကို သုံးသပ်ရမယ်ဆိုပေမယ့် ကိုယ့်ကိုယ်ကိုယ်လည်း ပြန်ကြည့်ရပါမယ်။ ကျွန်တော်တို့ ကောင်းမွန်တဲ့ရာသီတစ်ခုကို ပိုင်ဆိုင်ခဲ့ပါတယ်။ အခု ပိုကောင်းတဲ့ရာသီကို ပိုင်ဆိုင်ဖို့ အခွင့်အရေးရှိနေပါပြီ” လို့ ပြောကြားသွားခဲ့ပါတယ်။