ဂရီလစ်ရှ်ကတော့ သူ့ရဲ့ ကစားသမားဘဝအတွက် ပထမဆုံး ချန်ပီယံလိဂ်ဖလားရရှိခဲ့တာပါ။

မန်စီးတီးတိုက်စစ်ကစားသမား ဂရီလစ်ရှ်ဟာ အသင်းနဲ့အတူ ချန်ပီယံလိဂ်ဖလား ဆွတ်ခူးနိုင်ခဲ့ပြီးနောက် အင်တာဗျူးမှာ မျက်ရည်မဆည်နိုင်အောင် ဖြစ်ခဲ့ရပါတယ်။ အစ္စတန်ဘူလ်မှာ ကစားခဲ့တဲ့ မန်စီးတီးနဲ့ အင်တာမီလန်တို့ရဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ မန်စီးတီးက ရိုဒရီရဲ့ တစ်လုံးတည်းသော သွင်းဂိုးနဲ့ အနိုင်ရဗိုလ်စွဲခဲ့ပါတယ်။



ဒါဟာ မန်စီးတီးကစားသမားတွေအတွက် နှစ်ရှည်လများ မျှော်လင့်တောင့်တခဲ့ရတဲ့ ချန်ပီယံလိဂ်ဖလားကို ဆွတ်ခူးနိုင်ခဲ့တာဖြစ်ပြီး ဂရီလစ်ရှ်ကလည်း ကွင်းအတွင်း ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ တော်တော်လေး စိတ်လှုပ်ရှားနေခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။ ဂရီလစ်ရှ်က “ဒီအတွက်ပဲ ကျွန်တော်တို့ တစ်ဘဝလုံး ကြိုးစားခဲ့ကြတာပါ။ ဟုတ်တယ်မဟုတ်လားဗျ”

“အရမ်းကို ပျော်ပါတယ်။ ဒါပေမယ့် ကျွန်တော် ဒီနေ့မှာ တော်တော်လေး ဆိုးဆိုးရွားရွား ကစားခဲ့ပါတယ်။ ဒီကစားသမားတွေ၊ ဝန်ထမ်းတွေနဲ့အတူ ဆုဖလားသုံးလုံး ဆွတ်ခူးနိုင်ခဲ့တာက တကယ်ကို ထူးခြားခမ်းနားပါတယ်။ ကျွန်တော့်အကြောင်းကို ကောင်းကောင်းသိတဲ့လူတိုင်းက ကျွန်တော့်အတွက် မိသားစုက ဘယ်လောက်အရေးကြီးတယ်ဆိုတာနဲ့ ကျွန်တော်က ဘောလုံးကို ဘယ်လောက်ချစ်တယ်ဆိုတာ သိကြပါတယ်”

“ကျွန်တော့်တစ်ဘဝလုံး ဒီအတွက်ပဲ အလုပ်လုပ်ခဲ့တာပါ။ ဒီကြားထဲမှာ ကျွန်တော့်ကို ကူညီပေးခဲ့တဲ့သူတွေကို ပြန်စဥ်းစားပေးရပါမယ်။ လူအုပ်ထဲမှာ ကျွန်တော့်မိသားစုကို မြင်တွေ့ခဲ့ရတာက တကယ်ကို စိတ်လှုပ်ရှားစရာပဲဗျာ။ ဂွါဒီယိုလာကိုလည်း ကျေးဇူးတင်ကြောင်း ပြောလိုပါတယ်။ သူ့ကြောင့်ပဲ ကျွန်တော့်အတွက် ဒါမျိုးတွေဖြစ်လာခဲ့တာပါ”

“သူက ကျွန်တော့်ကို အများကြီး ယုံကြည်ခဲ့တယ်၊ ငွေတွေပုံပေးပြီး ဝယ်ခဲ့တယ်။ ကျွန်တော် သောက်တလွဲကစားနေတုန်းကတောင် သူက ကျွန်တော့်ဘက်မှာ ရပ်တည်ပေးခဲ့ပြီး ခြေစွမ်းပြန်ပြနိုင်အောင် ကူညီပေးခဲ့ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။ မန်စီးတီးအတွက်ကလည်း ဒီချန်ပီယံလိဂ်ဖလားက သူတို့ကို တစ်ရာသီအတွင်း ဆုဖလား (၃) လုံး ဆွတ်ခူးစေနိုင်တဲ့ ဒုတိယမြောက် အင်္ဂလန်ကလပ်အဖြစ် မှတ်တမ်းဝင်စေခဲ့ပါတယ်။ 

Share

Loading Next Article...
က္က