ဂရီလစ်ရှ်ကတော့ ဆက်တိုက်ကို အောင်ပွဲခံနေခဲ့တာပါ။

မန်စီးတီး တိုက်စစ်ကစားသမား ဂရီလစ်ရှ်ဟာ ချန်ပီယံလိဂ်ဗိုလ်လုပွဲပြီးကတည်းက တစ်ရေးမှ မအိပ်ရသေးကြောင်း မန်ချက်စတာမြို့တွင်း လှည့်လည်အောင်ပွဲခံတဲ့ အခမ်းအနားမှာ ဖွင့်ဟခဲ့ပါတယ်။ မန်စီးတီးတို့ ဖလားသုံးလုံးနဲ့ မြို့ထဲလှည့်လည်အောင်ပွဲခံခဲ့တာက တနင်္လာနေ့ဖြစ်ပြီး ချန်ပီယံလိဂ်ဗိုလ်လုပွဲကိုတော့ စနေညမှာ ကစားခဲ့တာပါ။



ချန်ပီယံလိဂ်မှာ အင်တာမီလန်ကို ၁-၀ ဂိုးနဲ့ အနိုင်ရရှိကာ ဗိုလ်စွဲခဲ့ပြီးနောက် မန်စီးတီးတို့ ဖလားသုံးလုံးနဲ့ အောင်ပွဲခံနိုင်ခဲ့သလို ဂရီလစ်ရှ်၊ ဟာလန်းတို့အပါအဝင် မန်စီးတီးကစားသမားတွေကလည်း အိုင်ဘီဇာ ကမ်းခြေကို စင်းလုံးငှားဂျက်လေယာဥ်နဲ့ သွားရောက်ခဲ့ကြပါတယ်။ ဂရီလစ်ရှ်ဟာ အသောက်အစားကို ခုံမင်သူတစ်ယောက်ဖြစ်ပြီး ချန်ပီယံလိဂ်ဗိုလ်လုပွဲပြီးကတည်းက တစ်ရေးမှ မအိပ်ရသေးတာပါ။

ဂရီလစ်ရှ်အနေနဲ့ ဒီအကြောင်းကို မန်စီးတီးရဲ့ မန်ချက်စတာမြို့တွင်း အောင်ပွဲခံ အခမ်းအနားမှာ စင်ပေါ်ကနေ ပြောကြားခဲ့ပါသေးတယ်။ ဒါ့အပြင် မန်စီးတီးအသင်းဖော် ဟာလန်းကလည်း ဂရီလစ်ရှ်ရဲ့ ပါးစပ်ထဲကို ရှန်ပိန်တွေ လောင်းထည့်ပေးခဲ့တာကိုလည်း မြင်တွေ့ခဲ့ရပါတယ်။ မန်စီးတီး ကစားသမားတွေဟာ ချန်ပီယံလိဂ်ဗိုလ်လုပွဲအပြီးမှာ အချိန် (၁၂) နာရီ အားလပ်ချိန်ရရှိခဲ့ပါတယ်။

အဲ့ဒီအချိန်အတွင်းမှာ အိုင်ဘီဇာကမ်းခြေကို ဂျက်လေယာဥ် စင်းလုံးငှား သွား‌ရောက်ခဲ့ပြီး မန်ချက်စတာမြို့ကို ပြန်ရောက်လာချိန်မှာ ဂရီလစ်ရှ်ကို အမူးမပြေသေးတဲ့ မျက်နှာနဲ့ မြင်တွေ့ခဲ့ရပါတယ်။ ပရိသတ်တွေကလည်း ဂရီလစ်ရှ်တစ်ယောက် ညလုံးပေါက် သောင်းကျန်းထားတယ်လို့ မှတ်ယူခဲ့ကြပြီး ကစားသမားကိုယ်တိုင်ကလည်း အောင်ပွဲခံအခမ်းအနားမှာ အခုလိုပဲ ဝန်ခံခဲ့တာပါ။

ဂရီလစ်ရှ်ဟာ ပြီးခဲ့တဲ့နွေရာသီမှာလည်း အမေရိကန်နိုင်ငံ၊ လတ်စ်ဗီးဂတ်စ်မြို့မှာ အချိန်ပြည့် သောက်စားပျော်ပါးခဲ့ပြီး သူ့ရဲ့လုပ်ရပ်အပေါ် ဝေဖန်မှုတွေရှိခဲ့ပါတယ်။ ဒါပေမယ့်လည်း အခုချိန်မှာတော့ ဂရီလစ်ရှ်တစ်ယောက် ဘယ်‌လောက်ပဲပျော်ပါး သောက်စားပါစေဦး၊ ဂွါဒီယိုလာကတော့ အချိန်အတိုင်းအတာတစ်ခုအထိ မျက်နှာလွှဲပေးထားဦးမှာ သေချာပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က