အာနိုးလ်က ခြေစွမ်းပြ ဂိုးသွင်းယူနိုင်ခဲ့တာပါ။

အင်္ဂလန်လက်ရွေးစင်နောက်ခံလူ အာနိုးလ်ဟာ မနေ့ညက မော်လ်တာကို အနိုင်ရရှိခဲ့တဲ့ ယူရို-၂၀၂၄ ခြေစစ်ပွဲမှာ ကွင်းလယ်အထိ တက်ကစားပြီး ခြေစွမ်းပြနိုင်ခဲ့တဲ့အပြင် သွင်းဂိုးတစ်ဂိုးကိုလည်း လှလှပပသွင်းယူနိုင်ခဲ့ပါတယ်။ ဒီပွဲမှာ သူက ကျောနံပါတ် (၁၀) ကိုလည်း ဝတ်ဆင်ခဲ့ပြီး ပွဲမစခင်ကတည်းက ပရိသတ်တွေအတွက် သူ့ရဲ့ ကျောနံပါတ်က ပြောစရာဖြစ်နေခဲ့တာပါ။



ပွဲကစားချိန်မှာလည်း အာနိုးလ်က ပုံစံကောင်းတစ်ခုကို ပြသနိုင်ခဲ့ပြီး အသင်းရရှိခဲ့တဲ့ ဒုတိယမြောက်သွင်းဂိုးကို သွင်းယူပေးနိုင်ခဲ့တာဖြစ်ပါတယ်။ နောက်တန်းကနေ ပြန်လျှံထွက်လာတဲ့ ဘောလုံးကို အာနိုးလ်က တစ်ချက်ထိန်းပြီး ဂိုးသမားရဲ့ ညာဘက်ထောင့်ကို ဧရိယာအပြင်ကနေ သပ်သပ်ရပ်ရပ် ကန်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ဘောလုံးရာသီ အစောပိုင်းတစ်လျှောက်မှာ အာနိုးလ်က ညာနောက်ခံလူနေရာမှာ ပုံမှန်ခြေစွမ်းပျောက်ဆုံးခဲ့တာကြောင့် ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ဒါပေမယ့် လီဗာပူးနည်းပြ ကလော့ပ်က အာနိုးလ်ကို ကွင်းလယ်အထိ တက်ကစားစေရင်း ခံစစ်၊ တိုက်စစ် တာဝန်ကို မျှယူခိုင်းချိန်မှာတော့ အာနိုးလ်ရဲ့ သွင်းဂိုး၊ ဂိုးဖန်တီးမှုနဲ့ အကောင်းဆုံးခြေစွမ်းအချို့ကို ပြန်လည်မြင်တွေ့ခဲ့ရပါတယ်။

အဲ့ဒါကြောင့်ပဲ အင်္ဂလန်လက်ရွေးစင်နည်းပြ ဆောက်ဂိတ်ကပါ အာနိုးလ်ကို အခုလိုမျိုး ကွင်းလယ်မှာ ထားကစားစေခဲ့တာဖြစ်ပါတယ်။ ပွဲအစ လူစာရင်းခင်းကျင်းချိန်မှာ အာနိုးလ်က ကွင်းလယ် (၃) ‌ယောက်တန်းမှာ ဒကလန်ရိုက်စ်၊ ဟန်ဒါဆင်တို့နဲ့အတူ တွဲဖက်ပြီး ပွဲထွက်လာခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် အာနိုးလ်က ဒီပွဲမှာ အသင်းရရှိခဲ့တဲ့ ပြိုင်ဘက်ရဲ့ Own Goal အတွက်လည်း ဆာကာဆီကို အကောင်းဆုံး ဘောလုံးပေးပို့ခဲ့ပါသေးတယ်။

ပရိသတ်တွေကတော့ “အာနိုးလ်ကတော့ ဘယ်လောက်တောင် လှလိုက်တဲ့ သွင်းဂိုးကို သွင်းခဲ့တာလဲကွာ။ သူ့ကို ကွင်းလယ်မှာပဲ ထားကစားပါတော့။ ကမ္ဘာပေါ်မှာ အကောင်းဆုံး ကွင်းလယ်လူဆီက မြင်တွေ့ခဲ့ရတဲ့ လှပတဲ့ သွင်းဂိုးပဲ။ အံ့အားသင့်စရာ ကန်ချက်၊ မှော်ဆန်တဲ့ အာနိုးလ်ပဲ” “အာနိုးလ်ကို မုန်းတီးနေတဲ့သူတွေ ဘယ်ရောက်ကုန်ကြပြီလဲ” “ငါလည်း အာနိုးလ်ကို လွှတ်ပြောခဲ့တဲ့သူပါ။ ဒါပေမယ့် ဒီဂိုးကတော့ တကယ်မိုက်ပါတယ်” လို့ အသီးသီး မှတ်ချက်ပြု ချီးကျူးသွားခဲ့ပါတယ်။ 

Share

Loading Next Article...
က္က