တန်ဟက်ခ်ကတော့ ပြတ်ပြတ်သားသားပဲ အသိပေးထားတာပါ။

ယူနိုက်တက်နည်းပြ အဲရစ်တန်ဟက်ခ်က အသင်းရဲ့ လူငယ်ကစားသမားတွေနဲ့ ပတ်သက်လို့ ကမ္ဘာ့အဆင့် ခြေစွမ်းမျိုးကို ပြသနိုင်မှသာ အသင်းမှာ အခွင့်အရေးရရှိမှာဖြစ်ကြောင်း သတိပေးထားတယ်လို့ သိရှိရပါတယ်။ တန်ဟက်ခ်ဟာ ယူနိုက်တက်နည်းပြဘဝ ပထမဆုံးရာသီမှာ ဂါနာချိုကို အကောင်းဆုံး စင်တင်ပေးနိုင်ခဲ့ပါတယ်။



အဲ့ဒါကြောင့်လည်း လာမယ့်ဘောလုံးရာသီသစ်မှာ တန်ဟက်ခ်ရဲ့ ယူနိုက်တက်အတွက် ဘယ်လူငယ်ကစားသမားက အခွင့်အရေးရလာမလဲလို့ ပရိသတ်တွေက ရင်ခုန်နေကြပါတယ်။ ဒါပေမယ့်လည်း တန်ဟက်ခ်ကတော့ ဇီဒန်းအစ်ဘယ်လ်ကို ယူရို (၁) သန်းနဲ့ ရောင်းထုတ်ခဲ့ပြီး အဲ့ဒီနောက်မှာတော့ လူငယ်ကစားသမားတွေနဲ့ ပတ်သက်တဲ့ တန်ဟက်ခ်ရဲ့ စံချိန်စံနှုန်းတွေ ထွက်ပေါ်လာခဲ့တာပါ။

ဇီဒန်းအစ်ဘယ်လ်ကို ယူနိုက်တက်တို့ နယ်သာလန်ကလပ် အူထရက်ချ်ထံ ယူရို (၁) သန်းနဲ့ ရောင်းချပစ်ခဲ့တာဖြစ်ပြီး ဒီအပေါ်မှာ ပရိသတ်တွေအကြား ဝိဝါဒကွဲပြားနေပါတယ်။ သတင်းတွေရဲ့ ဖော်ပြချက်အရတော့ တန်ဟက်ခ်ဟာ လူငယ်ကစားသမားတွေဆီက ကမ္ဘာ့အဆင့် ခြေစွမ်းကို တောင်းဆိုထားပြီး ဒါကို ပြသနိုင်မှသာ အခွင့်အရေးရရှိသွားမယ်လို့ အသိပေးထားကြောင်း သတင်းတွေက ဆိုပါတယ်။

တန်ဟက်ခ်ဟာ ယူနိုက်တက် ယူ-၂၁ အသင်းက ကစားသမားတွေကို အသင်းကြီးမှာ လေ့ကျင့်ခန်းဆင်းခွင့်ပေးဖို့ ကိုယ်တိုင် ဆုံးဖြတ်ချက်ချနေပြီး ကစားသမားတစ်ဦးချင်းစီရဲ့ ခြေစွမ်းပိုင်း တိုးတက်ကောင်းမွန်မှုတွေကို အကဲဖြတ်နေတယ်လို့ သိရှိရပါတယ်။ အခု ဇီဒန်းအစ်ဘယ်လ်ကို ရောင်းချလိုက်တာက အခြားသော လူငယ်ကစားသမားတွေအတွက် သတိပေးခေါင်းလောင်းသံတစ်ချက်ဖြစ်ပြီး ကျန်တဲ့ လူငယ်ကစားသမားတွေအနေနဲ့ တန်ဟက်ခ်ရဲ့ အသင်းကြီးမှာ အခွင့်အရေးရဖို့ ထိပ်တန်းအဆင့် ခြေစွမ်းကို ပြသဖို့ လိုအပ်နေပါတယ်။

လာမယ့်ရာသီ ယူနိုက်တက်အသင်းကြီးမှာ အခွင့်အရေးပေးခံရမယ့် လူငယ်တွေအဖြစ် ပယ်လီစထရီ၊ Mainoo၊ အယ်လ်ဗာရိုဖာနန်ဒက်ဇ်၊ အာမက်ဒီယာလိုတို့ကို ထင်ကြေးပေးထားကြပါတယ်။ ဒါပေမယ့် ဒီအထဲက အချို့ကတော့ လူငယ်အသင်းမှာ ဆက်နေရဖို့ ဒါမှမဟုတ် အငှားထွက်ကစားရဖွယ်ရှိပြီး တန်ဟက်ခ်ရဲ့ စံချိန်စံညွှန်းကို လိုက်နိုင်တဲ့ ကစားသမားမှသာ အသင်းကြီးမှသာ အခွင့်အရေးရရှိနိုင်မှာ ဖြစ်ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က