မန်စီးတီး ကွင်းလယ်လူ ဂရီလစ်ရှ်တစ်ယောက် အရက်ရဲ့ကျေးကျွန်ဖြစ်သွားမယ်လို့ ရစ်ချက်ကီးစ်က ဝေဖန်ပြောကြားခဲ့ပါတယ်။ ဂရီလစ်ရှ်ဟာ မန်စီးတီးရဲ့ ဆုဖလား (၃) လုံး အောင်ပွဲခံပွဲမှာ အရက်မျိုးစုံကို သောက်သုံးခဲ့ပြီး သူ့ရဲ့ အပြုအမူအတွက် ဝေဖန်မှုအမျိုးမျိုးရှိခဲ့ပါတယ်။
ဂရီလစ်ရှ်ဟာ အရင်ကတည်းက အသောက်အစား ခုံမင်သူတစ်ယောက်ဖြစ်ပြီး ပြီးခဲ့တဲ့နွေရာသီ အားလပ်ရက်မှာလည်း လတ်စ်ဗီးဂတ်စ်မှာ အချိန်ပြည့်မူးရူးနေတာကြောင့် ဝေဖန်ခံခဲ့ရပါသေးတယ်။ အခု ဘောလုံးရာသီ အဆုံးသတ်မှာလည်း ဂရီလစ်ရှ်က လူမြင်ကွင်းမှာတင် အလွန်အကျူး သောက်သုံးခဲ့ပြီး သူ့ရဲ့ အပြုအမူနဲ့ ပတ်သက်လို့ ရစ်ချက်ကီးစ်က ဝေဖန်ခဲ့တာဖြစ်ပါတယ်။
ရစ်ချက်ကီးစ်က “ဒီကောင်ဘာကောင်လဲကွာ။ ပြဿနာက ဂျက် (ဂရီလစ်ရှ်) တစ်ယောက် အရက်ကိုအမျိုးမျိုးသောက်ခဲ့တာပဲ။ ဒါက ရယ်စရာမဟုတ်ဘူးဗျ။ အောင်ပွဲခံတဲ့နေရာမှာ တာဝန်သိသိနဲ့ အောင်ပွဲခံရမှာပါ။ ဂတ်ဇာ (ဂတ်စ်ကွိုင်နီ) လည်း ဒါမျိုး ဖြစ်ခဲ့တာပဲလေ။ သူလည်း အဆင်မပြေဖြစ်ခဲ့ရတာပဲ။ အခု ဂရီလစ်ရှ်ကပါ ဒါမျိုးဖြစ်တဲ့ နောက်ဆုံးတစ်ယောက်လား” လို့ တွစ်တာမှာ ရေးသားခဲ့ပါတယ်။
အင်္ဂလန်ကြယ်ပွင့်ဟောင်းကြီး ဂတ်စ်ကွိုင်နီဟာလည်း ကစားသမားဘဝ အဆုံးသတ်ချိန်မှာ အရက်ရဲ့ကျေးကျွန်ဖြစ်ခဲ့ပြီး ဒီအရက်ကြောင့်ပဲ သူ့ရဲ့ နောက်ဆုံးအချိန်တွေကို ဒုက္ခပေးခဲ့ပါတယ်။ ဂရီလစ်ရှ်ကတော့ “အင်္ဂလန်လေ့ကျင့်ရေးကွင်းမှာ Hung Over ဖြစ်နေခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော် မမူးတော့ပါဘူးဗျာ” လို့ ပြောကြားခဲ့ပြီး ရစ်ချက်ကီးစ်ကတော့ ဒါကို ပြန်လည်မျှဝေကာ ဝေဖန်ခဲ့တာဖြစ်ပါတယ်။
ဂရီလစ်ရှ်ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ဂွါဒီယိုလာ အဓိကအားကိုးရတဲ့ ကစားသမားတစ်ယောက်ဖြစ်ခဲ့ပြီး အသင်းရဲ့ ဆုဖလား (၃) လုံးအောင်မြင်မှုအတွက် အဓိကအခန်းကဏ္ဍကနေ ပါဝင်စွမ်းဆောင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ဂရီလစ်ရှ်က မန်စီးတီးနဲ့အတူ အောင်မြင်မှုတွေရရှိခဲ့ပြီးနောက် အလွန်အကျူး သောက်စားမူးယစ်ခဲ့တာဖြစ်ပြီး ဒီလုပ်ရပ်တွေအတွက်တော့ သူ့ကိုယ်သူ ပြန်လည် ကာကွယ်ထားခဲ့ပါတယ်။