တိုနာလီက အေစီမီလန်မှာပဲ ဆက်နေချင်တာပါ။

အေစီမီလန် ကွင်းလယ်လူ ဆန်ဒရိုတိုနာလီဟာ အသင်းကနေ မထွက်ခွာချင်တာကြောင့် ငိုကြွေးခဲ့တယ်လို့ သိရှိရပါတယ်။ အဆိုပါ ကွင်းလယ်ကြယ်ပွင့်အတွက် နယူးကာဆယ်ဘက်က ပြောင်းရွှေ့ကြေး ယူရိုသန်း (၇၀) ပေးဖို့ ကမ်းလှမ်းခဲ့ပြီး အေစီမီလန်ဘက်ကလည်း လက်ခံဖို့ အဆင်သင့်ရှိခဲ့ပါတယ်။



လာမယ့်ရာသီသစ်မှာ ချန်ပီယံလိဂ်ဝင်ခွင့်ရရှိထားတဲ့ နယူးကာဆယ်ဟာ အသင်းရဲ့ ကွင်းလယ်ပိုင်းကို အားဖြည့်ဖို့ ပြင်ဆင်နေပြီး တိုနာလီအတွက် အနီးစပ်ဆုံး အခြေအနေကို ရောက်ရှိနေပြီလို့ သတင်းတွေက ဖော်ပြထားပါတယ်။ ဒါပေမယ့်လည်း ကစားသမားကိုယ်တိုင်က အေစီမီလန်ကနေ မထွက်ခွာချင်ဘဲ အသင်းကနေ သူ့ကို ရောင်းထုတ်တော့မယ်လို့ အသိပေးတဲ့အချိန်မှာ ငိုကြွေးခဲ့တယ်လို့ သိရှိရပါတယ်။

တိုနာလီအတွက် နယူးကာဆယ်တို့ တစ်နှစ်လုပ်ခ ယူရို (၉) သန်းအထိ ပေးချေသွားမှာဖြစ်ပြီး (၆) နှစ် စာချုပ် ချုပ်ဆိုသွားဖို့ စီစဥ်ထားပါတယ်။ တိုနာလီရဲ့ အပြောင်းအရွှေ့က လုံးဝကို ပြီးမြောက်သွားပြီလို့ နာမည်ကျော် ဂျာနယ်လစ် ဖာဘရီဇီယိုရိုမာနိုကလည်း ပြောကြားခဲ့သေးပေမယ့် ကစားသမားကိုယ်တိုင်ကတော့ နယူးကာဆယ်ကို ပြောင်းရွှေ့ဖို့ ဆန္ဒမရှိဖြစ်နေတာပါ။

တိုနာလီဟာ အေစီမီလန်ကို အားပေးရင်း ကြီးပြင်းလာခဲ့တဲ့ ကစားသမားတစ်ယောက်ဖြစ်တာကြောင့် ဒီအသင်းမှာသာ ဆက်နေလိုပြီး သူ့ရဲ့ ကစားသမားဘဝကိုလည်း အေစီမီလန်မှာပဲ အဆုံးသတ်သွားဖို့ ဆန္ဒရှိနေပါတယ်။ တိုနာလီရဲ့ အေးဂျင့် ရီဆိုကတော့ “ဒါက အံ့အားသင့်စရာကောင်းတဲ့ ကမ်းလှမ်းမှုပါ။ နယူးကာဆယ်က တိုနာလီအတွက် ပြီးပြည့်စုံတဲ့ စီမံကိန်းတစ်ခုဖြစ်ပါတယ်”

“နယူးကာဆယ်အနေနဲ့ တိုနာလီကို အသင်းရဲ့ အဓိကခေါ်ယူမှုအဖြစ် ငွေကြေးအသုံးပြုသွားဖို့ ဆန္ဒရှိနေပါတယ်။ တိုနာလီက နယူးကာဆယ်အတွက် အရေးပါတဲ့ ကစားသမားဖြစ်လာမှာပါ။ နောက်ပြီး ဒီအပြောင်းအရွှေ့က အေစီမီလန်နဲ့ ဘရက်ရှား (တိုနာလီရဲ့ အသင်းဟောင်း) တို့ရဲ့ ဘဏ္ဍာရေးကို အများကြီး အကျိုးဖြစ်စေမှာပါ” လို့ ပြောကြားထားပါတယ်။ 

Share

Loading Next Article...
က္က