အာဆင်နယ်ကို ပြောင်းရွှေ့ပြီးနောက် ပြောကြားခဲ့တာပါ။

အာဆင်နယ်ဟာ ချဲလ်ဆီးကစားသမား ကိုင်ဟာဗက်ဇ်ကို ပြောင်းရွှေ့ကြေး ပေါင် (၆၅) သန်းနဲ့ ခေါ်ယူခဲ့ပြီး လက်ရှိနွေရာသီမှာ အသင်းရဲ့ ပထမဆုံးသော ကစားသမားခေါ်ယူမှုအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ ဟာဗက်ဇ်အတွက် အာဆင်နယ်တို့ ‌စောစောစီးစီး ကြိုးစားခဲ့တာဖြစ်ပြီး ကစားသမားကိုယ်တိုင်ကလည်း အာဆင်နယ်ကို လိုလိုလားလားနဲ့ ပြောင်းရွှေ့ခဲ့ပါတယ်။



အာဆင်နယ်အနေနဲ့ ပြီးခဲ့တဲ့ ‌ဆောင်းရာသီ အပြောင်းအရွှေ့မှာ ဂျော်ဂျင်ဟိုကို ချဲလ်ဆီးကနေ ခေါ်ယူခဲ့သေးပြီး အခုချိန်မှာလည်း ဟာဗက်ဇ်ကို ထပ်မံခေါ်ယူခဲ့တာပါ။ အဲ့ဒါကြောင့်လည်း အာဆင်နယ်တို့ ပရီးမီးယားလိဂ်ထိပ်သီးပြိုင်ဘက်၊ လန်ဒန်မြို့ခံပြိုင်ဘက်အသင်းရဲ့ ကစားသမားတွေကို အပြောင်းအရွှေ့ နှစ်ရာသီဆက်တိုက် ခေါ်ယူခဲ့တာလည်း ဖြစ်ပါတယ်။

ဟာဗက်ဇ်ဟာ အာဆင်နယ်မှာလည်း ကျောနံပါတ် (၂၉) ကို ဝတ်ဆင်သွားမှာဖြစ်ပြီး အာဆင်နယ်ကို ပြောင်းရွှေ့လာခဲ့တဲ့အပေါ် သူ့ရဲ့ရည်ရွယ်ချက်ကို ပြောကြားခဲ့ပါတယ်။ ဟာဗက်ဇ်က “အံ့အားသင့်ဖွယ်ကောင်းတဲ့ အသင်းတစ်သင်းကို ပြောင်းရွှေ့ခွင့်ရတာ၊ အာဆင်နယ်မိသားစုရဲ့ အစိတ်အပိုင်းဖြစ်ခွင့်ရတာ ကျွန်တော့်အတွက် အတော်လေး စိတ်လှုပ်ရှားဖို့ကောင်းပါတယ်”



“အသင်းက ကြီးမားတဲ့ သမိုင်းကြောင်းရှိပြီး ကျွန်တော်တို့ အောင်မြင်မှုတွေ အများကြီး ဆွတ်ခူးနိုင်ဖို့ မျှော်လင့်ပါတယ်။ အသင်းရဲ့ စိတ်ပိုင်းဆိုင်ရာက အရမ်းကို မြင့်မားလွန်းပြီး ခင်ဗျား ဒါကို ခံစားမိမှာပါ။ အဲ့ဒါကြောင့်ပဲ ဒီနောက်ပိုင်းမှာ အာဆင်နယ်နဲ့ ရင်ဆိုင်ရတာက အရမ်းကို ခက်ခဲလာခဲ့တာပေါ့။ ကျွန်တော့်ရဲ့ ပစ်မှတ်က အသင်းနဲ့အတူ ဆုဖလား‌တွေ ဆွတ်ခူးဖို့၊ ပရိသတ်တွေနဲ့ အသင်းမှာရှိတဲ့လူတိုင်းအတွက် အရာအားလုံး ပေးဆပ်သွားဖို့ပါပဲ” လို့ ပြောကြားသွားခဲ့ပါတယ်။

ဟာဗက်ဇ်ဟာ ချဲလ်ဆီးမှာတုန်းက တိုက်စစ်ကစားသမားတစ်ယောက်အဖြစ် ကစားခဲ့ရတာဖြစ်ပြီး ချဲလ်ဆီးနဲ့အတူ ချန်ပီယံလိဂ်ဖလားရခဲ့တုန်းကလည်း ဗိုလ်လုပွဲမှာ တစ်လုံးတည်းသော အနိုင်ဂိုးကို သွင်းယူခဲ့တာပါ။ ဒါပေမယ့် အာတီတာကတော့ ဟာဗက်ဇ်ကို ကွင်းလယ်မှာ ထားကစားသွားဖို့ ပြင်ဆင်နေကြောင်း အရိပ်အမြွက် ပြောကြားခဲ့ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က