ဘိုင်ယန်မြူးနစ်နည်းပြ တူဟယ်လ်ဟာ စပါးတိုက်စစ်မှူး ဟယ်ရီကိန်းကို ခေါ်ယူနိုင်ဖို့အတွက် လန်ဒန်မြို့မှာရှိတဲ့ ကစားသမားရဲ့နေအိမ်အထိ သွားရောက် တွေ့ဆုံ စည်းရုံးခဲ့ကြောင်း ဂျာမန်သတင်းစာတွေက ဖော်ပြခဲ့ပါတယ်။ အင်္ဂလန်လက်ရွေးစင် တိုက်စစ်မှူးကို ဘိုင်ယန်မြူးနစ်တို့ အရခေါ်ယူဖို့ ကြိုးစားနေပြီး စပါးနဲ့လည်း စတင် ဆက်သွယ်နေပါပြီ။
စပါးဘက်ကတော့ သူတို့ရဲ့ ကစားသမားအတွက် ပြောင်းရွှေ့ကြေး ပေါင်သန်း (၁၀၀) တောင်းဆိုထားပေမယ့် ဘိုင်ယန်မြူးနစ်ကတော့ ပေါင်သန်း (၈၀) ဝန်းကျင်နဲ့ ခေါ်ယူနိုင်ဖို့ ရည်ရွယ်ထားပါတယ်။ ဟယ်ရီကိန်းကို ခေါ်ယူနိုင်ဖို့အတွက် အပြောင်းအရွှေ့ကိစ္စ လှုပ်ရှားမှုကို အသင်းရဲ့ အရေးကြီးပုဂ္ဂိုလ်တွေကိုယ်တိုင် ကိုင်တွယ် ဆောင်ရွက်နေပါတယ်။
ဒါ့အပြင် လက်ရှိအချိန်မှာလည်း တူဟယ်လ်ကပါ ဟယ်ရီကိန်းကို လန်ဒန်မြို့ကနေအိမ်အထိ လိုက်ပါ တွေ့ဆုံကာ အစည်းအဝေးတစ်ရပ် ပြုလုပ်ခဲ့တယ်လို့ သိရှိရပါတယ်။ ဒီတွေ့ဆုံမှု အစည်းအဝေးမှာတော့ တူဟယ်လ်က ဟယ်ရီကိန်းကို ဘိုင်ယန်မြူးနစ်ထံ ပြောင်းရွှေ့ဖို့ နားချခဲ့ပြီး ဟယ်ရီကိန်းသာ ရောက်လာခဲ့ရင် အသင်းအနေနဲ့ ချန်ပီယံလိဂ်ဖလား ဆွတ်ခူးနိုင်မယ့် အလားအလာရှိကြောင်း စည်းရုံးခဲ့ပါတယ်။
ကစားသမားကိုယ်တိုင်ကလည်း အပြောင်းအရွှေ့အတွက် ဖြစ်နိုင်ခြေအချက်တွေကို ဆွေးနွေးခဲ့တယ်လို့ အဆိုပါ သတင်းရင်းမြစ်ကဆိုပါတယ်။ ဘိုင်ယန်မြူးနစ်ဟာ လက်ရှိနွေရာသီ အပြောင်းအရွှေ့မှာ ဗဟိုတိုက်စစ်မှူးတစ်ယောက်ကို သေချာပေါက် ခေါ်ယူဖို့ လိုအပ်နေပြီး ဟယ်ရီကိန်းကသာ သူတို့ရဲ့ အမြဲတမ်း ဦးစားပေး နံပါတ် (၁) ဖြစ်ခဲ့တာပါ။
ဘိုင်ယန်မြူးနစ်အနေနဲ့ နာပိုလီတိုက်စစ်မှူး အိုဆင်မ်ဟန်ကို ခေါ်ယူဖို့အတွက်လည်း သတင်းထွက်ပေါ်ခဲ့ပေမယ့် ဒီကစားသမားအတွက် နာပိုလီဘက်က သတ်မှတ်ထားတဲ့ ယူရိုသန်း (၁၃၀) တန်ကြေးက လက်တွေ့ကျတဲ့ ပြောင်းရွှေ့ကြေးမဟုတ်ဘူးလို့ အသင်းဘက်က ယူဆထားပြီး ဟယ်ရီကိန်းအတွက်သာ ကြိုးစားနေတာဖြစ်ပါတယ်။