ယူနိုက်တက်နည်းပြ အဲရစ်တန်ဟက်ခ်က အသင်းကနေ ထွက်ခွာသွားခဲ့ပြီးဖြစ်တဲ့ ဂိုးသမား ဒီဂီယာအတွက် နှုတ်ဆက်စကားပြောကြားလိုက်ပါတယ်။ ဒီဂီယာဟာ အသင်းမှာ ကစားသမားဘဝ (၁၂) နှစ်ကြာ ဖြတ်သန်းခဲ့ပြီးနောက် အသင်းနဲ့ လမ်းခွဲပြီဖြစ်ကြောင်း မနေ့က တရားဝင်ကြေညာခဲ့ပါတယ်။
ဒီဂီယာဟာ ပြီးခဲ့တဲ့ဇွန်လအကုန်မှာ အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးသွားခဲ့ပြီး စာချုပ်သစ် မချုပ်ဆိုဖြစ်ခဲ့တာကြောင့် အခုလိုပဲ လမ်းခွဲခဲ့ရတာပါ။ ဒီဂီယာအတွက် သင့်တော်တဲ့ နှုတ်ဆက်ပွဲ မလုပ်ပေးခဲ့ရတဲ့အပေါ် ယူနိုက်တက်ပရိသတ်တွေကလည်း ဝေဖန်နေပြီး အသင်းရဲ့ ခေါင်းဆောင် ကစားသမား ဘရူနိုဖာနန်ဒက်စ်ကလည်း ဒီအကြောင်းကို ထုတ်ပြောခဲ့ပါတယ်။
ယူနိုက်တက်ဟာ လက်ရှိအချိန်မှာ အင်တာမီလန်ဂိုးသမား အိုနာနာကို ခေါ်ယူနိုင်ဖို့ အခြေအနေကောင်းနေပြီး လာမယ့်တစ်ပတ်အတွင်း အရခေါ်ယူသွားဖို့ ပစ်မှတ်ထားနေပါတယ်။ ဒီဂီယာထွက်သွားပြီးတဲ့နောက်မှာတော့ တန်ဟက်ခ်က “ယူနိုက်တက်လို အသင်းမျိုးအတွက် တစ်ပွဲကစားခွင့်ရဖို့ ကြီးကျယ်ခမ်းနားတဲ့ စွမ်းဆောင်ရည်နဲ့ ပုံစံကို ပြသရမှာပါ။ နှစ်ပေါင်း (၁၂) နှစ်ကျော်အတွင်း ပွဲပေါင်း (၅၄၅) ပွဲ ကစားပေးခဲ့တာကတော့ ထူးခြားခမ်းနားတဲ့ အောင်မြင်မှုပါပဲ”
“အထူးသဖြင့် ပွဲတိုင်း၊ ပွဲတိုင်းမှာ အာရုံစိုက်ခံရလေ့ရှိတဲ့ ဂိုးသမားနေရာအတွက် ကစားပေးရတဲ့အခါမျိုးမှာပေါ့။ အသင်းဖော်တွေ၊ ပရိသတ်တွေကပေးတဲ့ တစ်နှစ်တာအကောင်းဆုံး ကစားသမားဆုတွေကို (၄) နှစ်လောက်ရခဲ့တာကလည်း ဒီဂီယာရဲ့ စွမ်းဆောင်ရည်ကို သက်သေပြပေးနေပါတယ်။ ဒီဂီယာက ယူနိုက်တက်ရဲ့သမိုင်းမှာ အရမ်းကောင်းတဲ့ ဂိုးသမားတွေထဲက တစ်ယောက်အဖြစ် အမှတ်ရခံနေရမှာပါ” လို့ ပြောကြားသွားခဲ့ပါတယ်။
ဒီဂီယာဟာ တန်ဟက်ခ်ရဲ့ Buildup Play မှာ လိုက်ပါ ပါဝင်ကစားနိုင်ခြင်းမရှိဘဲ Traditional Keeper သာဖြစ်နေတာကြောင့် အခုလိုမျိုး အသင်းကထွက်ရတယ်လို့ ဆိုရမှာပါ။ ဒါ့အပြင် ပြီးခဲ့တဲ့ရာသီမှာလည်း ဒီဂီယာက အမှားအယွင်းအချို့ ပြုလုပ်ခဲ့ပြီး ပရီးမီးယားလိဂ်မှာ ရွှေလက်အိတ်ဆုရရှိခဲ့သည့်တိုင် သူ့အမှားတွေကြောင့် ယူနိုက်တက်တို့ ယူရိုပါလိဂ်နဲ့ အက်ဖ်အေဖလားတို့မှာ နစ်နာခဲ့ရတယ်လို့ ပရိသတ်အချို့က ယုံကြည်နေကြပါတယ်။