အသင်းခေါင်းဆောင်နေရာအတွက် ဆုံးဖြတ်သွားမှာပါ။

ယူနိုက်တက်နည်းပြ အဲရစ်တန်ဟက်ခ်က အသင်းခေါင်းဆောင်နေရာအတွက် အဝတ်လဲခန်းထဲမှာ မဲပေးရွေးချယ်စေမှာ မဟုတ်ဘဲ ကိုယ်တိုင်ဆုံးဖြတ်သွားမှာဖြစ်ကြောင်း အတည်ပြုလိုက်ပါတယ်။ လက်ရှိအချိန်မှာ ယူနိုက်တက်ရဲ့ တရားဝင်အသင်းခေါင်းဆောင်အဖြစ် သတ်မှတ်ခံထားရတာက ဗဟိုနောက်ခံလူ မက်ဂွိုင်းရားပါ။



ဒါပေမယ့် ဒီအင်္ဂလန်လက်ရွေးစင် နောက်ခံလူက ယူနိုက်တက်မှာ ပုံမှန်ပွဲထွက်ခွင့် ဆုံးရှုံးခဲ့ရပြီး လက်ရှိအချိန်မှာတော့ အသင်းခေါင်းဆောင်ရာထူးပါ မရေမရာဖြစ်လာခဲ့တာပါ။ ပြီးခဲ့တဲ့ရာသီတစ်လျှောက်လုံး ပွဲအများစုကို ဘရူနိုဖာနန်ဒက်စ်က အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့ပြီး မက်ဂွိုင်းရားကတော့ အရန်ခုံမှာသာ အချိန် ကုန်ဆုံးခဲ့ရပါတယ်။

လက်ရှိနွေရာသီမှာတော့ ယူနိုက်တက်တို့ အသင်းခေါင်းဆောင် ပြောင်းလဲတော့မယ့် သတင်းတွေ ကျယ်လောင်နေပြီး ဒီရာထူးအတွက် အခြားအသင်းတွေနည်းတူ အဝတ်လဲခန်းအတွင်း မဲပေးရွေးချယ်မှုစနစ်နဲ့ ဆုံးဖြတ်သွားမယ်လို့ သတင်းထွက်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ဒီသတင်းတွေကိုတော့ ယူနိုက်တက်နည်းပြ တန်ဟက်ခ်ကိုယ်တိုင်က လူသိရှင်ကြား ငြင်းဆန်ခဲ့ပါတယ်။

တန်ဟက်ခ်က “မဟုတ်ပါဘူး။ ကျွန်တော့်အနေနဲ့ အဝတ်လဲခန်းထဲမှာ မဲပေးရွေးချယ်စေမှာ မဟုတ်ပါဘူး။ ယူနိုက်တက် အသင်းခေါင်းဆောင်ရာထူးက ကျွန်တော့်အပေါ်မှာပဲ မူတည်ပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။ လက်ရှိအနေအထားအရတော့ ယူနိုက်တက်ရဲ့ အသင်းခေါင်းဆောင်ဖြစ်လာဖို့ ဘရူနိုဖာနန်ဒက်စ်ကသာ ရေပန်းအစားဆုံးဖြစ်နေခဲ့တာပါ။

ယူနိုက်တက်ဟာ မက်ဂွိုင်းရားကိုလည်း ရောင်းချဖို့ ပြင်ဆင်ထားပြီး ပြောင်းရွှေ့ကြေး ပေါင်သန်း (၅၀) အထိ သတ်မှတ်ထားပါတယ်။ ဒါပေမယ့်လည်း ဒီပမာဏက မက်ဂွိုင်းရားကို ခေါ်ယူလိုတဲ့ အသင်းရှိလာမယ်ဆိုရင်တောင် အသုံးပြုဖို့ လက်တွန့်နိုင်တဲ့ ပမာဏဖြစ်နေပါတယ်။ ကစားသမားကိုယ်တိုင်ကတော့ ယူနိုက်တက်မှာ ပုံမှန်ပွဲထွက်ခွင့်အတွက် ပြန်လည် တိုက်ပွဲဝင်ဖို့ လက်ရှိနွေရာသီမှာ အပြင်းအထန် လေ့ကျင့်နေကြောင်းလည်း သတင်းတွေက ဖော်ပြထားပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က